အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ ညာလက်ရုံး တစ်ဦးလို့လည်း သတ်မှတ်ခံရတဲ့ လူဟွတ် ပိုင်ဂျန်တန်ဟာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်လွန်းတာကြောင့် Mr. Fix-it လို့တောင် နာမည်ပြောင် ပေးခံထားရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး ညှိနှိုင်းပေးမယ့် သံတမန် အဖွဲ့ကို တာဝန်ယူရတဲ့ အခါမှာတော့ ဒီကိစ္စကို သူ့အနေနဲ့ ပြေလည်အောင် ကြားဝင်နိုင်ဖွယ် မရှိဘူးလို့ လေ့လာသူတွေ့သုံးသပ်ကြပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ တစ်ချိန်တုန်းကတော့ အင်ဒိုနီးရှားစစ်တပ်ကို စီနီယာ အစ်ကိုကြီးလို သဘောထားပြီး မော်ကြည့်ခဲ့ဖူးပေမယ့် အခုအခါမှာတော့ အဲဒီ အမြင်မျိုးက ဆိတ်သုဉ်းပျောက်ကွယ်နေခဲ့တာ အတော်ကြီး ကြာသွားပါပြီ။
ဒီနှစ်မှာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားတဲ့နောက် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးဟာ အင်ဒိုနီးရှားအစိုးရရဲ့ တာဝန်ဖြစ်လာပါတယ်။ အဲဒီ ရာထူးနေရာကို မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း သတ်မှတ်ခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်တာကာလကို ပြန်ကြည့်ရင်တော့ အဲဒီ အထူးကိုယ်စားလှယ် နေရာတွေမှာ အလှည့်ကျ သဘာပတိ နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို အသီးသီးခန့်အပ်ခဲ့တာ တွေ့ရပါတယ်။
အဲဒီရာထူးမှာ ဝီဒိုဒို အနေနဲ့ ဘယ်သူ့ကို ခန့်အပ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်သူတွေကြားမှာ အမျိုးမျိုး ဆွေးနွေး ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာတော့ Bloomberg သတင်းဌာနက အမည်ဖော်မပြတဲ့ ရင်းမြစ်တစ်ခုကို ကိုးကားပြီး ဝီဒိုဒိုဟာ လူဟွတ်ကို အာဆီယံ အထူးကိုယ်စားလှယ်နေရာအတွက် ရွေးချယ်ဖို့ အလားအလာတွေ ရှိနေကြောင်း ဖော်ပြလာခဲ့ပါတယ်။
ဝီဒိုဒိုဟာ အဲဒီရာထူးအတွက် ဆန်ခါတင်အဆင့် ပုဂ္ဂိုလ်တချို့ကို စဉ်းစားထားပေမယ့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်း လူဟွတ်ကလည်း တစ်ဦး အပါအဝင် ဖြစ်နေပါတယ်။ လူဟွတ်ဟာ လောလောဆယ်မှာတော့ ဝီဒိုဒိုရဲ့ အစိုးရအဖွဲ့ထဲမှာ ရေကြောင်းသွားလာမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားပါတယ်။ လူဟွတ် ကိုယ်တိုင်ကတော့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခံရနိုင်ခြေနဲ့ ပတ်သက်လို့ တစ်ခုခု ဆွေးနွေးပြောဆိုတာမျိုး မကြားမိသေးပါဘူး။
အခုလ အစောပိုင်းက Reuters သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဝီဒိုဒိုက သူဟာ မြန်မာနဲ့ စေ့စပ်ဆွေးနွေးရေးအတွက် ထိပ်တန်း စစ်ဗိုလ်ချုပ်(ဟောင်း) တစ်ဦးကို စေလွှတ်ချင်ပါတယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒါကလည်း တပ်မတော်လို့ ခေါ်ဝေါ်ကြတဲ့ မြန်မာ စစ်တပ်ကို အင်ဒိုနီးရှား အနေနဲ့ စစ်တပ်ဦးဆောင်တဲ့ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီဝါဒဆီ ဘယ်လို အောင်အောင်မြင်မြင် ကူးပြောင်းခဲ့သလဲ ဆိုတဲ့အပေါ် သတင်းစကားတစ်ရပ် ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကစလို့ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ တတိယ လူဦးရေအများဆုံး ဒီမိုကရေစီ နိုင်ငံကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ Reutersနဲ့ အင်တာဗျူးမှာတော့ ဝီဒိုဒိုက သူရည်ညွှန်းတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကို အာဆီယံ အထူးကိုယ်စားလှယ် နေရာမှာ ခန့်အပ်မှာလား၊ ဒါမှမဟုတ် သူကိုယ်တိုင် (အင်ဒိုနီးရှား အစိုးရ)ရဲ့ ကိုယ်စားလှယ်အနေနဲ့ စေလွှတ်မှာလား ဆိုတာကို တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။
ဒါပေမဲ့ ဝီဒိုဒိုက မြန်မာကို ကနဦးအဆင့် စေလွှတ်မယ့် ကိုယ်စားလှယ်လောင်းဟာ အာဆီယံ အထူးကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ဆုပ်ကိုင်ထားဖွယ် မရှိသေးဘူးလို့ ယူဆရပါတယ်။ လူဟွတ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ ဂျိုဒီ မာဟာဒီက ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ငြင်းဆိုထားပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆီယံ အထူးကိုယ်စားလှယ် ရာထူးကို ရယူထားသည်ဖြစ်စေ၊ မယူထားသည်ဖြစ်စေ ဝီဒိုဒိုရဲ့ မှတ်ချက် စကားအရ အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးကို မြန်မာဆီ စေလွှတ်မယ့် သဘော ရှိပါတယ်။ ဒါပေမဲ့ အဲဒီ အစီအစဉ်က အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို လေးစား လိုက်နာချင်လာအောင် ဆွဲဆောင်နိုင်ဖို့ ဖြစ်နိုင်ခြေ အင်မတန်နည်းတယ်လို့ သုံးသပ်ထားကြပါတယ်။
“ပြီးခဲ့တဲ့နှစ်မှာ တပ်မတော် (စစ်ကောင်စီ) က ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားမျိုး ရှိသလဲ ဆိုတာကို ကျွန်တော်တို့ သေချာ ဆန်းစစ် လေ့လာခဲ့ကြပါတယ်။ အဲဒီထဲမှာ သူတို့က အင်ဒိုနီးရှား စစ်တပ်အပေါ် လေးစားမှု အနိမ့်ဆုံးအဆင့် ဖြစ်နေပါပြီ။ အကြောင်းရင်းကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အင်ဒိုနီးရှား စစ်တပ်က နိုင်ငံရေး အာဏာကို စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့်ပါပဲ”လို့ စင်ကာပူ အခြေစိုက် အရှေ့တောင်အာရှ နိုင်ငံရေးနဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ သုတေသီ တစ်ဦးဖြစ်ပြီး မဟာဗျူဟာ လေ့လာရေး သုတေသနဌာန (IISS)မှာ အလုပ်လုပ်နေတဲ့ အေရွန် ကော်နဲလ်က ဆိုပါတယ်။
“အင်ဒိုနီးရှား စစ်တပ်က စစ်ရေးနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် နှစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့ အနေအထားကို စွန့်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ညံ့ဖျင်းလွန်းတဲ့ ဆုံးဖြတ်ချက် အမှားတစ်ခု ဆိုတာမျိုး တပ်မတော်က ယူဆထားပုံပေါ်တယ်”လို့ သူက ဆက်ပြောတယ်။
အင်ဒိုနီးရှားမှာ သဘောထားတင်းမာတဲ့ သမ္မတ ဆူဟာတို အုပ်စိုးနေစဉ် ကာလတွေတုန်းက မြန်မာ စစ်အာဏာရှင်တွေဟာ အင်ဒိုနီးရှား စစ်တပ်ကို စီနီယာ အစ်ကိုကြီးလို လေးစားမှု ရှိခဲ့ပါတယ်။ အဲဒီတုန်းက အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေကို လွှမ်းမိုး ချုပ်ကိုင်ထားတဲ့အပေါ် မြန်မာ စစ်တပ်ကလည်း သိပ်အားကျ အတုယူခဲ့ပါတယ်။
ကိုယ်တိုင်က စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တဲ့ ဆူဟာတို လက်ထက်မှာ သဘောထား ကွဲလွဲမှုတွေကို လက်မခံသလို ဂျကာတာ မြို့တော်မှာ အစိုးရကို ဆန့်ကျင် ဝေဖန်သူတွေ အကုန်လုံး ပါးစပ်ပိတ်နေခဲ့ရဖူးပါတယ်။
တကယ်တော့ အင်ဒိုနီးရှား အစိုးရဟာ မြန်မာ စစ်အာဏာရှင်တွေနဲ့ ဆွေးနွေးဖို့အတွက် စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးကို စေလွှတ်မယ် ဆိုတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၇ မှာ အဲဒီတုန်းက သမ္မတနဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဆူဆီလို ဘမ်ဘန်း ယူဒ်ဟွိုင်ယိုနိုက အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း အေဂတ်စ် ဝစ်ဒ်ဂျိုဂျိုကို မြန်မာ ဝန်ကြီးချုပ်ဟောင်း စိုးဝင်းရဲ့ နာရေး တက်ရောက်ဖို့ စေလွှတ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဝစ်ဒ်ဂျိုဂျိုရဲ့ ခရီးစဉ်မှာ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေစီ အကူးအပြောင်းကို လက်ကမ်း ကြိုဆိုအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အထူးသဖြင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ ပတ်သက်လို့ သူရဲ့ အစီအမံတွေကို ချပြလာပြီးနောက်ပိုင်း ဝစ်ဒ်ဂျိုဂျို ကိုယ်တိုင်က မြန်မာ စစ်တပ်နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုတွေကို ရေရှည် ထိန်းသိမ်းထားခဲ့ပါတယ်။
အင်ဒိုနီးရှားက မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာ (ICIS)ရဲ့ သုတေသီ တစ်ဦးဖြစ်တဲ့ အန်ဒရူး မန်တန်ကတော့ တကယ်လို့ လူဟွတ်ကသာ အင်ဒိုနီးရှားဟာ ဒီမိုကရေစီ ကူးပြောင်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရပ်တည်မှု ဆက်ပြီး ကောင်းမွန်နေတယ် ဆိုတာကို မြန်မာ စစ်ဗိုလ်ချုပ်တွေဆီ ထိထိရောက်ရောက် စည်းရုံးပြသနိုင်မယ်ဆိုရင် ဝီဒိုဒို ကိုယ်စား သူ့ကို နေပြည်တော် စေလွှတ်တာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
“ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက မြန်မာ စစ်ခေါင်းဆောင်တွေကို စည်းရုံးဖို့ လုံလောက်ပါ့မလား။ နောက်ပြီး သူတို့ကရော ကျွန်တော်တို့ (စစ်တပ်)လိုလားချက်တွေအတိုင်း လိုလားတာမျိုး ဟုတ်ပါ့မလား။ အခုလောလောဆယ် လုပ်ရမှာက မြန်မာနိုင်ငံမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းတွေက အကြမ်းဖက် ရန်လိုမှုတွေကို ကျောခိုင်းပြီး နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ စိတ်ဆန္ဒ ရှိကြသလဲ ဆိုတာကို အရင်ဆုံး သရုပ်ခွဲဖို့ပါပဲ”လို့ သူက ဆိုတယ်။
ဒါကြောင့်လည်း ဂျကာတာက အင်ဒိုနီးရှား အစိုးရဟာ မြန်မာ့ ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်ရင် ပိုပြီး သန့်ရှင်းမှန်ကန်တဲ့၊ အလုပ်ဖြစ်မယ့် အစီအစဉ်နဲ့ မူဝါဒတွေကို ပြင်ဆင်ထားဖို့ မန်တန်က တိုက်တွန်းခဲ့ပါတယ်။
“မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အောင်မြင်မှာလား ဆိုတာက ဒီတစ်နှစ်တည်းရဲ့ လုပ်ဆောင်မှုတွေနဲ့တင် မကဘဲ ရေရှည်မှာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ထိရောက်မှုတွေ ရှိမရှိ ဆိုတာအပေါ်မှာပါ ကြည့်ပြီး တိုင်းတာရပါလိမ့်မယ်”လို့ သူက ထောက်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်နို မာဆူဒီက မြန်မာ့အရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ် ရုံးကို ဖွဲ့စည်းသွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီရုံးမှာ သံတမန်ရေးရာ အရာရှိတချို့ အလုပ်လုပ်ကြမှာပါ။
မန်တန်ကတော့ အင်ဒိုနီးရှား အနေနဲ့ အာဆီယံ ကိုယ်စားပြုဆိုတဲ့ ခေါင်းစဉ် အောက်ကနေ မြန်မာ့အရေးကို ကိုင်တွယ်ရတဲ့ အခါမှာ ရေရှည်အတွက် မျှော်ကိုးပြီး အဖွဲ့အစည်း စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ မဟာဗျူဟာတွေကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
စင်ကာပူ နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးဟောင်း ငူရား ဆွက်ဂျာယားကလည်း အဲဒီ ရာထူးအတွက် ထင်ကြေးပေးခံရတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ဦးပါ။
ကြည့်ရသလောက်တော့ အရင် အာဆီယံ သဘာပတိတွေလိုမျိုး အင်ဒိုနီးရှားဟာ အဲဒီ ရာထူးအတွက် နိုင်ငံခြားရေး ဝန်ကြီးကိုပဲ ခပ်လွယ်လွယ် တာဝန်ပေး ရွေးချယ်လိုက်တာမျိုး လုပ်မယ့်ပုံ မပေါ်ပါဘူး။ ဒါကလည်း အလုပ်ရဲ့ သဘော သဘာဝအရ နိုင်ငံခြားရေး ဝန်ကြီးရဲ့ တခြား တာဝန် ဝတ္တရားတွေအပေါ် သက်ရောက် နှောင့်ယှက်မှုတွေ ရှိလာနိုင်လို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကော်နဲလ်က မှတ်ချက် ပေးသွားပါတယ်။
(South China Morning Post သတင်းဌာန၏ Can an Indonesian general help Asean move Myanmar peace plan along? ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)