ပြစ်မှုထင်ရှားရင် တန်းဆင်းရနိုင်ခြေ ရှိနေတဲ့ မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်တွေအတိုင်း ငွေကြေး အသုံးစရိတ် စည်းမျဉ်း (FFP)တွေကို လက်တစ်လုံးခြား လှည့်စား ချိုးဖောက်ခဲ့ရိုးမှန်ရင် မန်ချက်စတာ စီးတီး အသင်းဟာ တန်းဆင်းရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်ကြောင်း သိရပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်က လက်ရှိ ချန်ပီယံ အသင်းရဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် ၉ နှစ်တာ ကာလအတွင်း ငွေကြေးလှည့်ပတ် သုံးစွဲမှုတွေမှာ FFP စည်းမျဉ်းတွေကို အကြိမ်ပေါင်း ၁၀၀ ကျော် ချိုးဖောက်ခဲ့ကြောင်း စွဲချက် တင်ထားပါတယ်။ စီးတီး တာဝန်ရှိသူတွေဟာ အဲဒီလို စည်းမျဉ်းနဲ့ မညီညွတ်တဲ့ ငွေကြေး သုံးစွဲမှုတွေကို ပြိုင်ပွဲ တာဝန်ရှိသူတွေ မထောက်လှမ်းနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ဖုံးကွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

တကယ်လို့ ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်တွေ မှန်ကန်ပြီး စီးတီးမှာသာ ပြစ်မှုထင်ရှား ရှိခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်ခဲ့တဲ့ စီးတီးဟာ တန်းဆင်းရတဲ့ထိ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ကြုံသွားနိုင်ခြေ ရှိနေပါတယ်။

ဒါ့အပြင် နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ အရေးယူမှုတွေပါ ကြုံရနိုင်သလို အခန့်မသင့်ရင် အင်္ဂလန်ရဲ့ ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ကပါ ဖယ်ထုတ် ခံရနိုင်တယ်လို့ ဥပဒေရေးရာ ပညာရှင် တချို့က သုံးသပ်ထားပါတယ်။ နောက်ပြီး အစွပ်စွဲခံ ကာလအတွင်း ရရှိထားတဲ့ အောင်မြင်မှု ဆုဖလားတွေ ပြန်ရုပ်သိမ်း ခံရတာ၊ ကစားသမားသစ် ခေါ်ယူမှုတွေ ပိတ်ပင်ခံရတာ၊ ဒဏ်ကြေးငွေ အမြောက်အမြား ချမှတ် ခံရတာမျိုးတွေလည်း ကြုံလာနိုင်တယ်လို့ ဆိုပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့ ၁၁ နှစ်တာအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၆ ကြိမ်ထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကတော့ စီးတီး တာဝန်ရှိသူတွေဟာ FFP စည်းမျဉ်းကို ရည်ရွယ်ချက်ရှိရှိ၊ သိသိကြီးနဲ့ ချိုးဖောက်ခဲ့တာဖြစ်ပြီး စီမံခန့်ခွဲမှုပိုင်း အားနည်းတာမျိုး၊ အသေးစား မှားယွင်းတာမျိုးတွေ လုံးဝမဟုတ်ဘူးလို့ အခိုင်အမာ ဆိုတယ်။

စီးတီးဖက်ကတော့ ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်ကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ထားပြီး ပြည့်ပြည့်စုံစုံ ဖွဲ့စည်းထားတာ မဟုတ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ခုဆီက မခိုင်မာတဲ့ သက်သေ အထောက်အထားတွေနဲ့ စွပ်စွဲနေတာလို့ တုံ့ပြန်ခဲ့ပါတယ်။ စီးတီးဟာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း FFP ချိုးဖောက်မှုအတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ စွဲချက် အတင်ခံရဖူးပေမယ့် အဲဒီတုန်းက နိုင်ငံတကာ အားကစား ကျင့်ဝတ်ခုံရုံးမှာ အယူခံဝင်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်အတွက် ပြစ်မှုထင်ရှားခဲ့ရင်တော့ အဲဒီခုံရုံးမှာ အယူခံဝင်လို့ မရနိုင်တော့ပါဘူး။ စီးတီးဟာ ၂၀၀၈ ခုနှစ်ထိ အင်္ဂလန်ရဲ့ သာမန် အသင်းတစ်ခု အဆင့်သာ ရှိခဲ့ရာက ၂၀၀၉ ခုနှစ်မှာ အဘူဒါဘီ ယူနိုက်တက် စီးပွားရေး အင်အားစုရဲ့ အကြီးအကဲ ရှိတ်ခ်မန်ဆာ ဘင်ဇယာက်ဒ် အယ်လ်နာဟန်က ဝယ်ယူပြီး အသင်းအတွက် ငွေ​ကြေး အလုံးအရင်း မြှုပ်နှံ အသုံးပြုခဲ့ရာက ကာလတိုအတွင်း ထိပ်တန်း ကလပ်တစ်ခု ဖြစ်လာခဲ့တာပါ။

အဲဒီ ကာလတွေအတွင်း စီးတီးဟာ အသင်းပိုင်ရှင်က တစ်ဖက်လှည့် ထောက်ပံ့တဲ့ ငွေကြေးတွေကို စပွန်ဆာအဖြစ် စာရင်းပြပြီး ထိပ်တန်း ကစားသမားတွေနဲ့ မန်နေဂျာတွေ ခေါ်ယူရာမှာ သုံးစွဲခဲ့တယ်လို့ ပရီးမီးယားလိဂ်က တာဝန်ပေးအပ်တဲ့ လွတ်လပ်တဲ့ စုံစမ်းထောက်လှမ်းမှု ကော်မတီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စီးတီးဟာ အဘူဒါဘီ ငွေကြေးတွေ စီးဝင်မလာခင်ထိ ပရီးမီးယားလိဂ် သက်တမ်းတလျှောက် အဆင့် ၈ ထက်ပိုမြင့်အောင် မရပ်တည်ဖူးသလို ၁၉၉၉ ခုနှစ်မှာလည်း တတိယတန်းထိ တန်းဆင်း ယှဉ်ပြိုင်ခဲ့ရဖူးပါတယ်။