တော်လှန်ရေး တိုက်ပွဲကာလဖြစ်တဲ့အားလျော်စွာ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦး တော်လှန် ရေး သတင်း တွေကပဲ ဖုံးလွှမ်းထားတာပါ။ နွေဦးတော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သတင်းဖြစ်ရပ်တွေထဲ ထူးခြား ထင်ရှားတဲ့ လူမှုဘဝ၊စီးပွားရေး သတင်းတွေလည်း ရှိနေတတ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ (၇)ရက် တနေ့တာ သတင်း ဖြစ်ရပ်တွေထဲက ထူးခြား၊ထင်ရှားတဲ့ သတင်း ဖြစ်ရပ်တွေကို DNA ကစုစည်းဖော်ပြပေး လိုက် ပါတယ်။
၁။ထိုင်းမှာမြေအောက်ရေပိုက်လိုင်းထဲပြုတ်ကျခဲ့တဲ့မြန်မာရွှေ့ပြောင်းကလေးငယ်ကိုကယ်ဆယ်နိုင်ခဲ့
ထိုင်းနိုင်ငံမှာ မြေအောက်ရေပိုက်လိုင်းထဲ ပြုတ်ကျပြီး ဆယ့်ခုနစ်နာရီဝန်းကျင်ကြာပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်း မိသားစုဝင်ကလေးငယ်ကို ကယ်ဆယ်ရေး အဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းမှာ အသက်ရှင်လျက်ကယ် ထုတ်နိုင်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကဖော်ပြပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုရဲ့ တနှစ်နဲ့ ခုနစ်လအရွယ်ကလေးငယ်ဟာ ဖေဖော်ဝါ ရီ (၆)ရက် မနေ့က ညနေငါးနာရီဝန်းကျင်မှာ အကျယ်တပေဝန်းကျင်၊အနက် ပေငါးဆယ် လောက်ရှိတဲ့မြေအောက်ရေပိုက်လိုင်းထဲ ပြုတ် ကျပြီး ပိတ်မိနေခဲ့တာပါ။
အဲ့ဒီကလေးငယ်ဟာ ထိုင်းနိုင်ငံတားခ်ခရိုင်၊ဖုပ်ဖရာ့မြို့၊ကျေးလက်ဒေသက ပီလောပီနံခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားမိဘတွေရဲ့ ကလေးငယ်ဖြစ်ပြီး ဒီကနေ့ မနက် ဆယ်နာရီခွဲဝန်းကျင်မှာ ကယ်ထုတ်နိုင်ခဲ့ တာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မီဒီယာတွေက ဖော်ပြပါတယ်။
၂။ MPT Exchange ရုံးမီးလောင်လို့ ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပြတ်တောက်မှုဖြစ်
ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေဖြတ်တောက်ခံရမှုနဲ့ စတင်ခဲ့တဲ့ အာဏာသိမ်းကာလအတွင်း အလားတူ အဖြစ်မျိုးနဲ့ ထပ်ကြုံရတိုင်း လူထုအကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားလေ့ရှိပါတယ်။ဒီကနေ့မနက်ပိုင်းမှာလည်း ဒါမျိုး ထပ်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့ဖြစ်ခဲ့တဲ့ ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပြတ်တောက်မှုကတော့ ရန်ကုန်မြို့က MPT Exchange ရုံးမီးလောင်မှုကြောင့်ဖြစ်ပါတယ်။အဲ့ဒီမီးလောင်မှုကြောင့် ရန်ကုန်မ၊ န္တလေး မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ MPT ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေနာရီပိုင်းကြာ ပြတ်တောက်ခဲ့ပါတယ်။
ဒါ့အပြင် နယ်ဒေသတချို့မှာတော့ ဒီကနေ့ ညနေပိုင်းအထိ အင်တာနက်လိုင်းတွေ ပုံမှန်ပြန် မဖြစ်ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ ကမ္ဘာအေးဘုရားလမ်းပေါ်က အဲ့ဒီရုံးမီးလောင်မှုဟာ နာရီဝက် နီးပါးကြာမြင့်ခဲ့ပြီး မိနစ်နှစ်ဆယ်ဝန်းကျင် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
၃။NUG ရဲ့သံတမန်ရေး အောင်မြင်မှုတခု
အမျိုးသားညီညွတ်ရေး အစိုးရ၊နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တယောက် ပြည်ပအစိုးရအဖွဲ့ ခေါင်းဆောင် တွေ၊ဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့သတင်းတွေကို လက်ရှိတော်လှန်ရေးကာလတလျှောက် မကြာခဏတွေ့ခဲ့ကြရမှာပါ။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ အလားတူတွေ့ဆုံမှုတခုကတော့ လူပြောများခဲ့သလို ထူးခြားတဲ့ လက္ခဏာတချို့လည်းရှိနေပါတယ်။ နှစ်နိုင်ငံအလံတွေကို နောက်ခံထားပြီး ယူကေအစိုးရနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံကြတဲ့ မြင်ကွင်းကြောင့် အဲ့ဒီတွေ့ဆုံမှုဟာ လူပြောများတဲ့ အကြောင်းအရာတခု ဖြစ်လာပါတယ်။
အဲ့ဒီပုံရိပ်ကြောင့်ပဲ ယူကေအစိုးရက NUG ကို တရားဝင်အစိုးရ တရပ်အနေနဲ့ ထိတွေ့ဆက်ဆံတာ ဖြစ်တယ်လို့ စစ်အုပ်စုဆန့်ကျင်သူတွေကရှုမြင်ကြပြီး NUG ရဲ့ သံတမန်ရေးရာ အောင်မြင်မှုတခုအဖြစ် လက်ခံနေကြပါတယ်။
အဲ့ဒီတွေ့ဆုံမှုအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံပူပေါင်းဆောင်ရွက်ရေး၊စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့၊လူနည်းစုအရေးနဲ့ တခြားသော အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၄။ရေး-ထားဝယ်လမ်းပေါ်မှာ ခရီးသွားကားပစ်ခတ်ခံရလို့ သံဃာတပါးနဲ့အမျိုးတဦးသေဆုံး
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်းက ရေး-ထားဝယ်လမ်းပေါ်မှာ ဖေဖော်ဝါရီ (၆) ရက် မနေ့က ညနေပိုင်းက ခရီးသွားကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ သံဃာတော်တပါးနဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေဖြူမြို့နယ်ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော်အပါအဝင် ခရီးသည် ၈ ဦးလိုက်ပါစီးနင်းလာတဲ့ ကားတစီးဟာ ရေး-ထားဝယ် လမ်းပေါ်က နှမ်းကျဲ ရွာအနီးမှာအမည်မသိလက်နက်ကိုင်အဖွဲ့တခုရဲ့ပစ်ခတ်မှုကိုခံခဲ့ရ တာဖြစ် ပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ရာဖူးရွာသစ်ကျောင်းထိုင်ဆရာတော် ဦးဥက္ကဌနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်အုန်းမြင့်တို့ သေဆုံးခဲ့ပြီး ကျန်သူအားလုံးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြော ပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာမသိရပေမယ့် ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ KNU တပ်မဟာ (၄)ထိန်းချုပ်ဒေသနဲ့နီးကပ်သလို၊စစ်ကောင်စီကင်းပုန်းဝပ်နေကျ နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဒါ့အပြင် အဲ့ဒီဒေသတဝိုက်မှာ မွန်ပြည်သစ်ပါတီ ၊ရေဖြူမြို့နယ် PDF စတဲ့လက်နက်ကိုင် တပ်ဖွဲ့တွေလည်း လှုပ်ရှားမှုရှိပါတယ်။
၅။ ပြင်ဦးလွင်မြို့လယ်မှာ အသတ်ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့
မန္တလေးတိုင်း ၊ ပြင်ဦးလွင် မြို့လယ်မှာ အသတ်ခံထားရတယ်လို့ယူဆရတဲ့ ဓားဒဏ်ရာတွေနဲ့ အမျိုးသား အလောင်းနှစ်လောင်းကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာတွေ့ကြရတယ်လို့ ဒေသခံတွေကDNA ကို ပြောပါတယ်။
ပြင်ဦးလွင်မြို့ရဲ့ လူစည်ကားရာ နေရာတခုဖြစ်တဲ့ ချယ်ရီလမ်းနဲ့ ၁၇ လမ်းထိပ် ၊ ပန်းချယ်ရီ ဟိုတယ်အနီးမှာ ဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းကို ဒေသခံတွေ တွေ့ကြရတာဖြစ်ပါတယ်။ ရုပ်အလောင်းတွေဟာ အသက် ၂၀ နဲ့ ၃၀ အရွယ် လူလတ်ပိုင်းတွေဖြစ်ပြီး အရှိုက်နဲ့ ဝမ်းဗိုက်တွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
မျက်မြင်တချို့ကတော့ အဲ့ဒီအမျိုးသားရုပ်အလောင်းတွေဟာ တခြားနေရာတခုမှာ အသတ်ခံရပြီးနောက် အခုတွေ့ရတဲ့နေရာမှာ လာရောက်စွန့်ပစ်ခဲ့တာမျိုးဖြစ်နိုင်တယ်လို့ ဆိုကြပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
၆။ ရှမ်းအင်အားစုတွေကိုဖိတ်ခေါ်လိုက်တဲ့ NUG
ဒီကနေ့ကျရောက်တဲ့ (၇၆)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့ရင်း စစ်အာဏာရှင်စနစ်ဆိုးကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုဆီလျှောက်လှမ်းရာမှာ အတူပါဝင်ကြဖို့ ရှမ်းပြည်နယ်က နိုင်ငံရေးအင် အားစုတွေနဲ့ ပြည်သူတွေကို NUG က ဖိတ်ခေါ်လိုက်ပါတယ်။
ရှမ်းပြည်နယ်ဟာ ပြီးခဲ့တဲ့ (၇၆)နှစ်အတွင်း ကြမ်းတမ်းတဲ့ နိုင်ငံရေး လှိုင်းတံပိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီကနေ့ အထိ ဖက်ဒရယ်ပြည်ထောင်စုတခုရဲ့ ပုံအသွင်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်လို့လည်း အဲ့ဒီသဝဏ်လွှာမှာ ချီးကျူးဖော်ပြထားပါတယ်။
ဒါ့အပြင် NUG ယာယီ သမ္မတ ဒူဝါလရှီးလ ကလည်း ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးကတဆင့် ရှမ်းပြည်နယ် အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ SSPP နဲ့ မွန်တော်လှန် ရေးတပ် NMSP မွန်ပြည်သစ်ပါတီတို့ကိုလည်း လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်စကားပြောပါသေးတယ်။
အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့အတွက် ပြည်တွင်း အင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်သလို စုစည်းညီညွတ်မှုတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေတည်ဆောက်ဖို့လည်း လိုအပ်တယ်လို့ ယာယီ သမ္မတကပြောပါတယ်။
၇။ သေနတ်ပစ်ဖောက်မောင်းထုတ်ခံရတဲ့ မင်္ဂလာဒုံက နေအိမ်ဖယ်ရှားခံရသူတွေ
အာဏာသိမ်းပြီးနောက်စစ်ကောင်စီက ကျူးကျော်လို့ဆိုကာ နိုင်ငံတဝန်း နေအိမ်တွေဖျက်သိ မ်းဖယ်ရှားခဲ့တဲ့ လုပ်ငန်းစဉ်ထဲမှာ မင်္ဂလာဒုံမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီဟာ မင်္ဂလာဒုံလူနေရပ်ကွက်တွေထဲက နေအိမ်သောင်းနဲ့ချီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အင်အားသုံး ဖျက်သိမ်းဖယ်ရှားခဲ့တာပါ။
အဲ့ဒီလိုဖယ်ရှားခံခဲ့ရသူတွေထဲက လူဦးရေ တရာလောက်က မူလနေရာတွေမှာ ပြန်လည် နေထိုင်ခွင့်ရဖို့ အခုရက်ပိုင်းအတွင်း စုဝေးတောင်းဆိုမှုလုပ်နေကြပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်မောင်းထုတ်ခဲ့ကြတယ်လို့ ကိုယ် တွေ့ကြုံခဲ့သူတွေက သတင်းဌာနတွေကို ပြောပါတယ်။
နေအိမ်ဖျက်သိမ်းခံရသူတွေဟာ အနီးဝန်းကျင် ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်ကြတာ၊ အ ဆောင်တွေမှာနေထိုင်ကြတာ စတဲ့ အဆင်ပြေရာနည်းလမ်းတွေနဲ့ အဲ့ဒီအနီးဝန်းကျင် တဝိုက်မှာ ဆက်လက်နေထိုင်နေကြတာဖြစ်ပါတယ်။
အခုလိုမူလနေရာမှာ ပြန်နေခွင့်ရဖို့ စုဝေးတောင်းဆိုတာတွေရှိခဲ့ပြီးနောက်မှာတောင် စစ်ကောင်စီက နေအိမ်ဖယ်ရှားခံရတဲ့ အဲ့ဒီနစ်နာသူတွေကို အိမ်မ ငှားတော့ဖို့၊အဆောင်တွေမှာနေခွင့်မပေးတော့ဖို့ ဖိအားပေးနေတယ်လို့လည်းဆိုပါတယ်။