ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေနဲ့ သာ လက်ရှိအထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ RCSS ထုတ်ပြန်

ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှ သာ လက်ရှိ နိုင်ငံအထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က  (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အဖြစ် ဒီကနေ့  ဖေဖော်ဝါရီ ၇ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

‘’ဆိုလိုတာက အာဏာသိမ်းတယ်။ နောက်နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာက မပြီးနိုင်ခဲ့ဘူးလေ။ ပြီးခဲ့တဲ့ လေးငါးနှစ်တုန်းကလဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆွေးနွေးခဲ့တာပဲလေ။ ဘယ်လိုပဲဖြေရှင်းဖြေရှင်းပင်လုံစာချုပ်ကို အခြေခံပြီးတော့မှ ဦးတည်သွားပြီးတော့ ဖြေရှင်းမှနိုင်ရေးထွက်ပေါက်ရမယ်လို့ ကျနော်တို့ယုံကြည်ပါတယ်’’ လို့ RCSS က ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

၇၆ နှစ်မြောက် သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်ကို RCSS ဌာနချုပ်  လွယ်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျင်းပနေပြီး ပင်လုံစာချုပ်ကို အမှတ်ရစေဖို့နဲ့ RCSS ရဲ့ ရပ်တည်ချက်နဲ့ သံဓိဌာန်ကို ထုတ်ဖော်တာဖြစ်တယ်လို့ လည်းဖြည့်စွက်ပြောပါတယ်။

ရှမ်းပြည်တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စုတဝှန်းက တိုင်းရင်းသားတွေအားလုံးဟာ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်ပါ သဘောတူညီချက်အတိုင်းဖယ်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ပင်လုံစာချုပ်ဟာဖယ်ဒရယ်ဒီမိုကရေစီနဲ့ အနာဂတ်တိုင်းပြည်ကိုတည်ဆောက်ပြီး တိုင်းရင်းသားအားလုံးငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းကို ရည်ရွယ်တယ်လို့လည်း RCSSရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှာ ပါဝင်တဲ့ RCSSဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းအပြီးမှာ စစ်ကောင်စီနဲ့ မကြာခဏတွေ့ဆုံလေ့ရှိပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထဲမှာ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာတော့ NCAရေးထိုးတာ ၇ နှစ်ကျော်ပေမယ့် နိုင်ငံရေးတိုးတက်မှုမရှိရုံသာမက စာချုပ်ပါအချက်အလက်တွေကို အကောင်အထည်မဖော်နိုင်ခဲ့လို့ ၇ နှစ်တာအချိန်တွေကိုနှမြောမိတယ်လို့ RCSSခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောထားပါသေးတယ်။