ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ ဝါရီကောခူကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေက မနေ့ ဖေဖော်ဝါရီလ ၄ရက်ကနေ ဒီကနေ့အထိလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလုပ်နေလို့ ဒေသခံအမျိုးသမီးတဦးထိခိုက်ခဲ့သလို ဘုရားကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာထဲကို မနေ့ညပိုင်းကစပြီး ဒီကနေ့ မနက် ၂နာရီအထိ ပစ်ခတ်ခဲ့တဲ့ ပစ်ခတ်မှုမှာတော့ အသက် ၄၀ ဝန်းကျင်ဒေသခံအမျိုးသမီးတဦးဒဏ်ရာရခဲ့တာဖြစ်ပြီး ဝမ်းနည်းခြင်းမယ်တော်သခင်ကက်သလစ်ဘုရားကျောင်း အပါအဝင်လူနေအိမ် ၁၀လုံးကျော်ပျက်စီးခဲ့တဲ့အကြောင်း ကရင်နီပြည်နယ်လူငယ့်အစည်းအရုံး(UKSY)က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။
“လက်နက်ကြီးပစ်တဲ့အသံတွေကြားခဲ့ရတယ်။အချက်ရေမနည်းဘူး။စစ်ရှောင်စခန်းဘက်ကိုလက်နက်ကြီးကျသွားတယ်။တိုက်ပွဲဖြစ်တာတော့မရှိပဲနဲ့တမင်ပစ်နေတာပါ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
ဝေါရီကောခူကျေးရွာအတွင်းက ဖြစ်ရပ်နဲ့ပတ်သက်လို့ သီးခြားသတင်းထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်းKNDF သတင်းနဲ့ပြန်ကြားရေးဘက်ကပြောပါတယ်။
လက်ရှိမှာလည်း အဲဒီရွာက ဒေသခံတွေဟာ နီးစပ်တဲ့ တောတောင်တွေထဲနဲ့ ရှမ်း၊ ကယားနယ်စပ်ဘက်ကိုစစ်ရှောင်နေရတယ်လို့လည်း စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂ ရက်ကစပြီး ကရင်နီဒေသကမြို့နယ်လေးခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ခဲ့ပြီးနောက်စစ်ဘေးရှောင်စခန်းနေရာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေပိုမိုလုပ်ဆောင်လာတယ်လို့ကရင်နီစစ်ရှောင်ကူညီလုပ်ဆောင်သူတွေကဆက်ပြောပါတယ်။
“စစ်ရှောင်တွေနေတဲ့နေရာသပ်သပ်ကိုပဲဆက်တိုက်ကြီးတွေတိုက်ခိုက်နေတယ်။စခန်းဘေးမှာမကဘူးစခန်းအလယ်မှာစခန်းနေရာတခုမှမချန်ဘူး၊ပစ်မှတ်တခုသတ်သတ်မှတ်လုပ်ထားတယ်လို့ပဲမြင်တာပေါ့နော်။ကျွန်တော်တို့အတွက်ဘာအခက်အခဲရှိလဲဆိုလို့ရှိရင်မနေရဲတော့ဘူးပေါ့၊နောက်ထပ်စခန်းတွေထပ်ရှောင်ရတာပေါ့နော်၊ကျွန်တော်တို့စစ်ရှောင်တွေဆီမှာလည်းနေရာပြောင်းဖို့ဆိုရင်အခက်အခဲရှိပါတယ်။ဘယ်နေရာမှဘယ်လိုနေရမလဲဆိုတာအခုအထိအဖြေရှာမရသေးပါဘူး” လို့ ကရင်နီပြည်နယ်လူငယ့်အစည်းအရုံး(UKSY)ရဲ့တာဝန်ခံဆရာဂျူးလီယိုကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ၃ ရက် ညပိုင်းမှာလည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှ စစ်ဘေးရှောင်စခန်းနေရာကို စစ်ကောင်စီကဂျက်တိုက်လေယာဥ်အသုံးပြုကာဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ဆေးခန်းတခုအပါအဝင် စာသင်ကျောင်းတခုမီးလောင်ပျက်စီးသွားပြီး စစ်ဘေးရှောင်စခန်းက လူဦးရေ ၅၀၀၀ဟာလည်း စခန်းပြောင်းရွေ့တိမ်းရှောင်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကပြောဆိုထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂ရက်ကစပြီး ဒီးမော့ဆို၊ ဘော်လခဲ၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်တွေကိုစစ်ရေးအုပ်ချုပ်ရေးဆိုင်ရာဒေသအဖြစ်စစ်ကောင်စီကသတ်မှတ်ထားပါတယ်။