ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့မှာ သေဆုံးမှုတွေ ပြန်လည် မြင့်တက်လာတဲ့အပေါ် အလေးအနက် စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေက ကိုဗစ်နဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ ကြေညာထားမှုကို ဆက်လက် ထားရှိရမလား၊ ပြန်လည် ရုပ်သိမ်းရမလား ဆိုတာကို ဝေဝါးသွားစေတယ်လို့လည်း WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရို့စ် အက်ဟန်နမ် ဂျီဘရီယီဆွတ်ဇ်က ပြောပါတယ်။
အရင်က ကိုဗစ်ရောဂါဟာ ကမ္ဘာ့လူသားတွေအပေါ် ခြိမ်းခြောက်မှု လျော့နည်း ကျဆင်းစ ပြုလာပေမယ့် ဒီဇင်ဘာလကစပြီး တကျော့ပြန် မြင့်တက်လာနေကြောင်း WHOက ရရှိတဲ့ စာရင်းတွေက ညွှန်ပြနေပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၈ ပတ်တာ ကာလအတွင်း ကမ္ဘာတလွှားမှာ ကိုဗစ်နဲ့ ဆက်စပ် သေဆုံးသူ ၁၇၀၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဂဏန်းတွေက တရားဝင် ရရှိထားတဲ့ စာရင်းတွေသာဖြစ်ပြီး လက်တွေ့မှာတော့ ကပ်ရောဂါကြောင့် သေပျောက်မှုတွေ ပိုပြီးတော့တောင် ဆိုးရွားနေနိုင်ကြောင်း ဒေါက်တာ ဂျီဘရီယီဆွတ်ဇ်က မှတ်ချက် ပေးခဲ့ပါတယ်။
WHOရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ကော်မတီဟာ အခုသီတင်းပတ်ကုန်မှာ တွေ့ဆုံဆွေးနွေးပြီး ၃ နှစ်ကြာ သတ်မှတ် ကြေညာထားတဲ့ ကိုဗစ် အရေးပေါ် အခြေအနေကို ရုပ်သိမ်းဖို့ သင့်မသင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒေါက်တာ ဂျီဘရီယီဆွတ်ဇ်ကတော့ လက်ရှိ ကမ္ဘာ့နိုင်ငံတချို့မှာ ကိုဗစ်ကြောင့် သေနှုန်း ပြန်မြင့်တက်လာတာကို အစည်းအဝေးမှာ ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လလယ်လောက်တုန်းက ဒေါက်တာ ဂျီဘရီယီဆွတ်ဇ်ဟာ ကိုဗစ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ၂၀၂၃ ခုနှစ်မှာ ရုပ်သိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ အဲဒီအချိန်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကပ်ရောဂါကြောင့် အပတ်စဉ် သေဆုံးသူ အရေအတွက်ဟာ ၁၀၀၀၀ အောက်မှာ ရှိနေပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး ကာလတွေနဲ့ ယှဉ်ရင် ၅ ပုံ ၁ ပုံသာ ရှိပါတယ်။ ဒါပေမဲ့ တစ်ပတ်ကို လူ ၁၀၀၀၀ လောက် ကပ်ရောဂါနဲ့ သေနေတယ် ဆိုတာကလည်း မနည်းလှတဲ့ ပမာဏ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက သူက သတိပေးခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံ တချို့မှာ ကိုဗစ်ကြောင့် သေဆုံးမှုတွေ ပြန်လည် များပြားလာတာ ဖြစ်ပါတယ်။ WHOက ကြေညာတဲ့ ၈ ပတ်အတွင်း လူပေါင်း ၁၇၀၀၀၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ စာရင်းမှာ အဲဒီ ကာလအတွင်း တရုတ်မှာ ကြုံခဲ့တဲ့ အသေအပျောက် ၆၀၀၀၀ လောက်ကို ထည့်မတွက်ထားသေးပါဘူး။ အကြောင်းကတော့ တရုတ် ကျန်းမာရေး အာဏာပိုင်တွေရဲ့ တရားဝင် စာရင်းတင်ပြမှုကို WHOက စောင့်ဆိုင်းနေဆဲ ဖြစ်တာကြောင့်ပါ။
ကပ်ရောဂါ စတင်လာတဲ့ ၃ နှစ်ကျော် ကာလလောက်အတွင်း နိုင်ငံအသီးသီးက ထုတ်ပြန်တဲ့ စာရင်းတွေအရ လူပေါင်း ၆.၇ သန်းလောက် သေဆုံးခဲ့တယ်လို့ သိရပေမယ့် လက်တွေ့မှာတော့ ကိုဗစ်ကြောင့် ကြုံခဲ့ရတဲ့ အသေအပျောက် ဦးရေဟာ အဲဒီထက် အများကြီး ပိုနိုင်သေးတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။