နေဝင်ရီတရော အချိန်။ဘယ်သောအခါမှ မပိတ်ခဲ့ရတဲ့ ခြံစည်းရိုးတံခါးကို ဦးဖိုးမြ သံကြိုးချည်ပိတ်လိုက်ပြီး ဘတ်ခွနဲ့လောက်စာလုံးတွေကို စားပွဲပေါ်အသင့်တင်ထားလိုက်ပါတယ်။
ဖိုလ်ဝင်တောင်ပေါ်ကနေ တောင်ခြေရွာတွေက လူနေအိမ်တွေဆီကို ကွိကွိကွကွအသံပေါင်းစုံပေး လာတက်တဲ့ မျောက်အုပ်ရဲ့ လျင်မြန်မှုကို ဟန့်တားနိုင်ဖို့ တခုတည်းသောနည်းလမ်းက ဘတ်ခွနဲ့ပစ် ခြောက်လှန့်မောင်းထုတ်ခြင်းပါ။
“ဆာလွန်းတော့ တောင်ပေါ်ကနေဆင်းလာကြတာ၊အရင်ကဆို အိမ်တံခါးပိတ်ရတယ်ဆိုတာ မရှိဘူး၊ခုကျ မျောက်ရော သူခိုးဂျပိုး ရန်ရောနဲ့မို့” လို့ ဦးဖိုးမြက ပြောပါတယ်။
နေ့စဉ်အဆာရေစာ နည်းပါးလာတဲ့ ဖိုလ်ဝင်တောင်ကမျောက်တွေဟာ အနီးနားကျေးရွာတွေက အိမ်တွေဆီ အစာတောင်းခံဖို့ လာရောက်တက်လို့ ကျွေးမွေးလွှတ်ပေမယ့် များလွန်းတာမို့ ဝအောင်ကျွေးဖို့ မနိုင်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ချင်းတွင်းမြစ်တစ်ဖက်ကမ်း ၁၄ မိုင်ခန့်အကွာမှာရှိတဲ့ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်တော်ဟာ ရှေးဟောင်းသမိုင်းဝင်နယ်မြေတစ်ခုဖြစ်တဲ့အပြင် သစ်တောကြိုးဝိုင်းတစ်ခု လည်းဖြစ်ပါတယ်။
ကျောက်သားတွေနဲ့ထုဆစ်ထားတဲ့ မြို့တော်လို့တင်စားကြသော ဖိုလ်ဝင်တောင်ဒေသကို ခရီးသွား လူထုအကြား ပိုမိုသိစေတာက လူနဲ့ယဉ်ပါးတဲ့ မျောက်ကလေးတွေကြောင့်ပါ။
မြန်မာပြည် ကိုဗစ်ရောဂါပထမလှိုင်းရိုတ်ခတ်တဲ့ ၂၀၂၀ ခုနှစ်ကစလို့ ခရီးသွားလာမှုကန့်သက်ချက်တွေကြောင့် ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာလည်း ဘုရားဖူးလာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေ တစတစ နည်းပါးလာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ တပ်က အာဏာသိမ်းချိန်မှာတော့ တောတောင်ထူထပ်တဲ့ အဲဒီဒေသဟာ သီးခြားနယ်မြေလို လူသူ အသွားအလာ မရှိတော့ပါဘူး။
“တခြားဧည့်သည်မပြောနဲ့ ရွာခံတွေတောင် မလာတော့ဘူး “လို့ ဖိုလ်ဝင်တောင်နယ်မြေ ရွှေဘတောင် ကျောင်းတိုက်က ဆရာတော်အရှင်ဝါယမ ကမိန့်ပါတယ်။
ဖိုလ်ဝင်တောင်ရိုးက နွားသိုးတောင်၊လင်းနို့တောင်၊ကျောက်တလုံးတောင်၊ဖန်းခါးတောင်များနဲ့ စုဖွဲ့ထားပြီး ကျောက်တုံးကျောက်သားကြီးများကို ဘုရားဆင်းတုတော်၊လှိုက်ဂူတွေ၊ကျောင်းဆောင်ကြီးတွေနဲ့ ဘီလူးရုပ် နတ်ရုပ် စတဲ့ လက်ရာတွေ ထွင်းထုတည်ဆောက်ထားတဲ့နယ်မြေပါ။
သက္ကရာဇ် ၂၀၉ ခုနှစ်က ဗန္ဓဝမင်းတိုင်းခန်းလှည့်လည်စဉ် ဖိုလ်ဝင်တောင်ဒေသကို ရောက်ခဲ့ပြီး ဘုရင်၊မိဖုရား၊မှူးမတ်၊စစ်ဗိုလ်၊စစ်သားများ လုပ်အားနဲ့ သဘာဝသက်နုကျောက်တုံးကြီးတွေကို ဘုရားဆင်းတု၊စေတီထွင်းထုပြီး လိုဏ်ဂူကြီးများဖော်ခဲ့လို့ ဘုရားအဆူပေါင်း ၄သိန်းကျော်နဲ့ ဝင်္ကပါဂူကြီး ၆ ဂူရှိခဲ့တာလို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြထားပါတယ်။
အဲဒီလိုတောင်တန်း အမြင့်ပေ ၉၅၀ ကျော်ရှိတဲ့ တောင်ရိုးတောင်စဉ်ရဲ့လိုဏ်ဂူတွေ၊ဘုရားစေတီတွေကြားမှာ မျောက်ကောင်ရေ နှစ်ထောင်ကျော် လှည့်လည်ကျက်စားကြပြီး ဘုရားဖူးဧည့်သည်တွေရဲ့ အချစ်တော်တွေ ဖြစ်ခဲ့ပါတယ်။
ဒီဒေသကို နှစ်စဉ်ခရီးသွား တစ်သိန်းနီးပါး ဝင်ရောက်တာကြောင့် ဧည့်သည်တွေကို မှီခိုပြီးမျောက်စာရောင်းချတဲ့ ဒေသခံကျေးရွာ ၅ရွာက ဈေးသည် ၃၀၀ ကျော်ရဲ့စားဝတ်နေရေးအပြင် မျောက်အုပ်အတွက် အစားရေစာ အလျှံအပါယ် မပူမပင်ရှိခဲ့တယ်လို့ ဂေါပက အဖွဲ့က ဆိုပါတယ်။
ကိုဗစ်ပထမလှိုင်းက ဘုရားဖူးဧည့်သည် အလာကြဲသွားလို့ ဒေသခံရွာတွေနဲ့ ဂေါပကအဖွဲ့က မျောက်စာစုပြီးကျွေးတာရှိခဲ့ပေမယ့် ၂နှစ်ကျော်အကြာမှာတော့ ကျွေးမယ့်သူမရှိတော့ဘူးလို့ ဆရာတော်အရှင်ဝါယမက ပြောပါတယ်။
“လူတွေလည်း စားဝတ်နေရေး လုံးချာလိုက်နေသလို ဘုန်းကြီးတွေလည်း ဆွမ်းကွမ်းရှားတာပဲ၊ မျောက်တွေကတော့ မဆာတယ်ဆာတယ် ဘုန်းဘုန်းအစာသွားကျွေးတော့ လက်ကို နှစ်ခါကိုက်ခံရတယ် “လို့ ဆရာတော်က စိတ်မသက်မသာဟန် မိန့်ပါတယ်။
ဖိုလ်ဝင်တောင်ဒေသဟာ အပူပိုင်းခြောက်သွေ့ဇုန်မှာရှိတာကြောင့် ရေရှားပါးပြီး တောတွင်းတိရစ္တာန်တွေ မှီခိုကျက်စားနိုင်တဲ့အနေအထားမှာ မရှိပါဘူး။မိုးတွင်း လေးလခန့်သာ မျောက်တွေအတွက် သဘာဝအတိုင်းရှာဖွေစားသောက်ဖို့အဆင်ပြေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပွင့်လင်းရာသီတွေမှာ သောက်သုံးရေရဖို့ပင် အနီးဆုံး မုံရွာ၊ယင်းမာပင်၊ဆားလင်းကြီးမြို့က ရေအလှူရှင်တွေထံ အားကိုးနေရဆဲဒေသဖြစ်ပါတယ်။
ဖိုလ်ဝင်တောင်က မျောက်တွေအစာအခက်အခဲအတွက် ပြည်တွင်းပြင်ပ အလှူရှင်တွေနဲ့ ချိတ်ဆက်အလှူခံ ပေးနေတဲ့ မုံရွာမြို့ခံတစ်ဦးက “မျောက်တွေက ရှာမစားတက်တော့ဘူးဗျ၊ ဘုရားဖူးတွေကျွေးတာစားနေကျဆိုတော့ ရှာစားတဲ့ အလေ့အကျင့် မရှိဘူး” ဟု မှတ်ချက်ပြုပါတယ်။
သူဟာ တိရစ္ဆာန်ချစ်မြတ်နိုးသူတစ်ဦးမဟုတ်သော်လည်း ဖိုလ်ဝင်တောင်ဒေသမှာ သောက်သုံးရေသွားလှူရင်း မျောက်တွေ အစာရေစာ ခက်ခဲမှုကို မျက်မြင်တွေ့ခဲ့ရာကနေ ကူညီဖြစ်ခဲ့တာလို့ ဆိုပါတယ်။
မျောက်တွေကြိုက်နှစ်သက်တဲ့ ဆန်၊ငှက်ပျောသီး ၊မြေပဲ စတာတွေကို အခုကာလမှာမကျွေးနိုင်တော့ဘဲ ရေရှည်သိုလှောင်ကျွေးလို့ရတဲ့ ဇီးသီးခြောက်ကို ဇီးပွဲရုံတွေဆီကနေ အကြွေးယူ၊အလှူရှင်ပေါ်လာလျင် ငွေပြန်ဆပ်စနစ်နဲ့လုပ်ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။
“မျောက်မကြီးက သူရတဲ့ခွဲတမ်းကို မစားဘဲ ရင်ခွင်ထဲက သူ့ကလေးကို ကျွေးတာ၊ပိန်နေတာပဲ “လို့ လွန်ခဲ့တဲ့ ခြောက်လခန့်က ဖိုလ်ဝင်တောင်ကို ရောက်ခဲ့တဲ့ မုံရွာမြို့ခံ မသီတာက သူမခံစားခဲ့ရတဲ့ မြင်ကွင်းကိုပြောပြပါတယ်။
အခုအချိန်မှာတော့ ချင်းတွင်းမြစ်အနောက်ဘက်တကြောမှာ စစ်တပ်နဲ့ဒေသတော်လှန်ရေးအဖွဲ့တွေကြား မကြာခေတ္တ ထိတွေ့တိုက်ပွဲတွေရှိတာကြောင့် ဘယ်သူမှမသွားရဲကြတော့ဘူးလို့ သူမက ဆိုပါတယ်။
မျောက်တွေကိုကျွေးတဲ့ အစာဈေးဟာလည်း အခြားသော ကုန်ဈေးနှုန်းများနဲ့အတူတက်တာကြောင့် တစ်နေ့မှာ နှစ်ကြိမ်ကျွေးရာကနေ တစ်ကြိမ်ပဲ ကျွေးနိုင်တော့တယ်လို့ ဆရာတော် ဦးဝါယမက မိန့်ပါတယ်။
“ခါတိုင်း သူတို့တွေ ညဆိုမြင်တောင်မမြင်ရဖူး၊အခုက ညမအိပ်ကြဘူး၊နေဝင်မိုးချုပ်ဆို အစာလာလာတောင်းကြတယ် “လို့ ဆရာတော်က ဆိုပါတယ်။
ဖရဲသီး၊ငှက်ပျောသီး၊ခရမ်းချဉ်သီးတွေကို မုံရွာမြို့ကမျောက်စာအလှူရှင်တွေ စက်လှေနဲ့တင်ပေးလိုက်တယ်လို့ ဖုန်းအဆက်အသွယ်ရတဲ့နေ့ဆို ဆွမ်းဘုန်းပေးဖို့ပင် အရေးမထားဘဲ ချင်းတွင်းမြစ်ဆိပ်မှာ ဝမ်းပန်းတသာနဲ့သွားသွားစောင့်ဆိုင်းရတယ်လို့ ဆရာတော်က ဆိုပါတယ်။
“ဖုန်းလိုင်းကလည်း မိချင်တဲ့နေ့မှ မိတာ။ဒီကိုလာလှူမယ်ဆိုလည်း မလာရဲရင် ဘုန်းဘုန်းကားနဲ့သွားခေါ်ပေးတယ်။ မျောက်တွေက သူ့အုပ်စုနဲ့သူနေတာဆိုတော့ တတောင်လုံး လှည့်ပတ်ကျွေးရတာ၊ဘုန်းဘုန်းကားသံကြားရင်ကို ဆင်းပြေးလာကြတာပဲ “ဟု ဦးဝါယမက တက်ကြွစွာ မိန့်ပါတယ်။
အလှူရှင်တွေရဲ့တစ်ဆင့်စကားတစ်ဆင့်ကြားကနေ ဖိုလ်ဝင်တောင်က မျောက်တွေအတွက် နေ့စဉ်အစာကျွေးနိုင်ဖို့ အလှူရှင်တစ်ဦးက မတည်ငွေ သိန်း၂၀ လှူဒါန်းထားတာကြောင့် လတ်တလောအဆင်ပြေရတယ်လို့ ဆရာတော်က ဆိုပါတယ်။
“ဘဏ်မှာအပ်ပြီး အတိုးငွေနဲ့ နေ့စဉ်ကျွေးရမှာပေါ့၊ မျောက်အုပ်ကများတော့ ဝဝလင်လင်ကျွေးဖို့ လိုနေတာ” လို့ဆရာတော်က မိန့်ပါတယ်။
ဖိုလ်ဝင်တောင်ဒေသဟာ လူဦးရေ ၃သိန်းကျော်နေထိုင်တဲ့မုံရွာမြို့နဲ့ ချင်းတွင်းမြစ်ခြားနေပေမယ့် လွန်ခဲ့တဲ့ ၃နှစ်အချိန်ကဆို မြို့ခံတွေက အိမ်ဦးနဲ့ကြမ်းပြင်လို မနားတမ်းသွားလာနေကြတဲ့လမ်းပိုင်းတစ်ခုပါ။
ပွဲတော်ကာလ တန်ဆောင်မုန်းလဆိုရင် မျောက်တွေက ဘုရားဖူးဧည့်သည်တွေကျွေးတဲ့ အစာမျိုးစုံစားရလွန်းလို့ လူတစ်ချို့က ‘ဖိုလ်ဝင်တောင်က မျောက်တောင်ဖြစ်ချင်တယ်လို့ ‘ရယ်စရာတင်စားပြောဆိုကြပါတယ်။
မျောက်အုပ်ဟာ သမိုင်းဝင် ဖိုလ်ဝင်တောင်ရဲ့ ပုံရိပ်တစ်ခုမို့ အဟာရချို့တဲ့ သေဆုံးကာ အကောင်ရေလျော့မသွားဖို့ ရတဲ့နည်းနဲ့ လုပ်မယ်ဆိုတာကို ဆရာတော် ဦးဝါယမက ယခုလိုပဲ ပြတ်ပြတ်သားသား မိန့်ပါတယ်။
“မျောက်ပြပြီးဆန်တောင်းတယ်လို့ ဝေဖန်ကြတယ်၊ဦဇင်းကတော့ ဆက်ကျွေးရဦးမှာပဲ “
(ကိုအောင် -ရေးသည်။)