အခြေချနေထိုင်ရာ မြို့နယ်အတွင်းကနေ နှစ်လကြာ ခရီးထွက်ခဲ့သူတွေ အထောက်အထား မှန်မှန်ကန်ကန် မဖော်ပြနိုင်ရင် ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးက ဒီဇင်ဘာ (၂၈) ရက်မှာ လိုက်လံကြေညာခဲ့တယ်လို့ ပဲခူးတိုင်း၊ ပြည်မြို့ခံတွေက DNA ကိုပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြိုု့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေက မနေ့ကညပိုင်းမှာ မြို့တွင်း ရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့ အဲ့ဒီလို လိုက်ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ခရီးသွားလို့ နှစ်လနဲ့အထက်ကြာရင် ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် အထောက်အထားပြနိုင်ရမယ်လို့ ကားနဲ့အသံချဲ့စက်ဖွင့်ပြီး အော်သွားတာ၊ ခရီးထွက်မယ်ဆိုရင်လည်း အကြောင်းကြားရတာပဲ၊ ပြန်ရောက်လို့ရှိရင် သူတို့ကိုပြောရမယ်ဆိုတာ လွဲနေသလားလို့” လို့ ပြည်မြို့မှာ နေထိုင်သူတဦး ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က လိုက်လံကြေညာချက်အရ နေရပ်ကနေ နှစ်လနဲ့အထက် ခရီးသွားပြီး ပြန်လာသူတွေအနေနဲ့ သွားခဲ့တဲ့ မြို့နယ်၊ ရပ်ကွက်၊ ခရီးသွားရတဲ့အကြောင်းအရင်း စတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ အထောက်အထားအပြည့်အစုံနဲ့ အသိပေးအကြောင်းကြားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘယ်လို ဥပဒေမျိုးနဲ့ ပြစ်ဒဏ်ပေးမှာလဲ၊ အထောက်အထားဆိုတာ ဘယ်လိုဟာမျိုးလဲ၊ နယ်မှာအလုပ်သွားလုပ်တဲ့သူက ရောက်တဲ့နေရာက ဘယ်လိုအထောက်အထားယူခဲ့ရမှာလဲဆိုတာ ကြေငြာချက်ထဲမှာမပါဘူး၊ နယ်ထွက် အလုပ်လုပ်ကြရတဲ့သူတွေမှာ အခက်အခဲများစွာရှိနိုင်တယ်” လို့ ပြည်မြို့ခံတဦးက ဝေဖန်ပါတယ်။
စစ်ကောင်စီက ပြည်မြို့မှာ အခုလို ကြေညာချက်ထုတ်တဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် မြို့ခံတွေကတော့ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု ဆန့်ကျင်သူတွေ မြို့တွင်းပြန်ဝင်လာမှာကို စိုးရိမ်လို့ အခုလို ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။