အမေရိကန်ကို သွားရောက်ခဲ့တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ခရီးစဉ်ကို ရုရှား အစိုးရက အပြင်းအထန် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။
ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့တဲ့ ၁၀ လလောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံကို စွန့်ခွာပြီး ပြည်ပခရီးစဉ် အနေနဲ့ ဒီဇင်ဘာ ၂၁ ရက်က ဝါရှင်တန် ဒီစီကို သွားရောက်ခဲ့ပါတယ်။ သူ့ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ဧည့်ခံ တွေ့ဆုံခဲ့သလို ဇီလန်စကီးဟာ အမေရိကန် လွှတ်တော်ထဲမှာလည်း တက်ရောက် မိန့်ခွန်းပြောခွင့် ရခဲ့ပါတယ်။
ရုရှားကတော့ ဇီလန်စကီးရဲ့ အမေရိကန် ခရီးစဉ်ဟာ စစ်ပွဲကို အဓွန့်ရှည်အောင် ယူကရိန်းက အသက်ဆက်ပေးနေတာလို့ စွပ်စွဲခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ ရုရှားကို သွယ်ဝိုက်ပြီး စစ်ပြု တိုက်ခိုက်နေတယ်လို့လည်း ရုရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အနာတိုလီ အန်တိုနော့ဗ်က ဝေဖန်ခဲ့ပါတယ်။
အခုကိစ္စဟာ ရုရှားကို ရန်စတဲ့ အဓိပ္ပါယ် ဖြစ်နေပြီး မမျှော်မှန်းနိုင်လောက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဆီ ဦးတည်သွားနိုင်တယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါသေးတယ်။
နောက်ပြီး ယူကရိန်းအတွက် အမေရိကန်က Patriot လေကြောင်းကာကွယ်ရေး စနစ်နဲ့ ဒုံးခွင်းဒုံးတွေ ပေးပို့သွားမယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာလည်း သူက ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။
အိမ်ဖြူတော်ကတော့ ယူကရိန်းက အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ရုရှားက ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို ကာကွယ်ဖို့အတွက် တန်ဖိုးကြီးပြီး ထိရောက်တဲ့၊ စွမ်းဆောင်ရည်မြင့်တဲ့ Patriotလို လေကြောင်း ကာကွယ်ရေး စနစ်မျိုး လိုအပ်လိမ့်မယ်လို့ ပြောကြားထားပါတယ်။
ရုရှားအစိုးရရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကလည်း ဇီလန်စကီး အနေနဲ့ ဝါရှင်တန်ထိ သွားရောက်ပြီး Patriot စနစ်ကို ရအောင် တောင်းလာခဲ့ရင်လည်း ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်တွေကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တချို့ရုရှား မီဒီယာတွေကတော့ ဇီလန်စကီးရဲ့ အမေရိကန် ခရီးစဉ်ကို လွန်လွန်ကဲကဲ ဝေဖန် ပုတ်ခတ်နေကြပြီး ပြည့်တန်ဆာ တစ်ဦးက ဖောက်သည်ဆီက ငွေတောင်းတဲ့ သဘောမျိုးတွေပါ လှောင်ပြောင် ရေးသားမှုတွေ ရှိနေကြောင်း သိရပါတယ်။