အမေရိကန် အာကာသတပ်ဖွဲ့ရဲ့ ပထမဆုံး နိုင်ငံခြား ဌာနခွဲကို တောင်ကိုရီးယားမှာ ဖွင့်လှစ်

အမေရိကန်ရဲ့ အာကာသ တပ်ဖွဲ့ဟာ တောင်ကိုရီးယား နိုင်ငံမှာ ပထမဆုံး ပင်လယ်ရပ်ခြား အခြေစိုက် စခန်းကို ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

 

အမေရိကန် စစ်တပ် လက်အောက်မှာ ၂၀၁၉ ခုနှစ်ကမှ စတင် ထူထောင်ခဲ့တဲ့ အာဏာသ တပ်ဖွဲ့ဟာ နောက်ထပ် ၃ နှစ် အကြာမှာပဲ နိုင်ငံခြား အခြေစိုက် စခန်းတစ်ခုကို ချဲ့ထွင်လာနိုင်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က ဖွင့်လှစ်ခဲ့တဲ့ တောင်ကိုရီးယား အခြေစိုက် စခန်းအသစ်ဟာ ဆိုးလ်မြို့တော်နားက အိုဆန် လေတပ်စခန်းမှာ တည်ရှိပါတယ်။

 

ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေနဲ့ တရုတ်ရဲ့ အကဲစမ်း ရန်လိုမှုတွေ တရိပ်ရိပ် မြင့်တက်လာတဲ့နောက် အမေရိကန်ရဲ့ အာကာသ တပ်ဖွဲ့ ဌာနခွဲကို ဖွင့်လှစ်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီစခန်းရဲ့ မြောက်ဖက် ၄၈ မိုင်လောက် အကွာမှာတင် အရမ်းကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိနေတာကြောင်း၊ အဲဒီ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့၊ ကာကွယ်ဖို့၊ လိုအပ်လာရင် အနိုင်ယူ တိုက်ခိုက်ဖို့အထိ ပြင်ဆင်ထားရမှာဖြစ်ကြောင်း ဌာနခွဲ အသစ်ရဲ့ အကြီးအကဲဖြစ်သူ အမေရိကန် ဒုတိယ ဗိုလ်မှူးကြီး ဂျိုရှူဝါ မက်ကူလီယန်က ပြောပါတယ်။

 

အမေရိကန်ရဲ့ အာကာသ တပ်ဖွဲ့ကို ၂၀၁၉ ခုနှစ်က သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ စတင် ထူထောင်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အမေရိကန် စစ်တပ်ရဲ့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံ တိုးမြှင့်မှုလည်း ဖြစ်ပါတယ်။

 

အာကာသ တပ်ဖွဲ့ရဲ့ အဓိက တာဝန်ကတော့ အာကာသနဲ့ ကမ္ဘာပတ်လမ်းထဲမှာ ရှိနေတဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေ၊ အထူးသဖြင့် စစ်ဘက်၊ အရပ်ဖက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ ဂြိုဟ်တုတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က တရုတ်နဲ့ ရုရှားတို့ဟာ ကမ္ဘာပတ်လမ်းထဲက အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ ဂြိုဟ်တုတွေကို နှောင့်ယှက်ဖို့၊ ဒါမှမဟုတ် ဖျက်ဆီးဖို့ နည်းပညာ တီထွင်မှုတွေ အတော် ခရီးရောက်နေပြီလို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် အရှုပ်အထွေးတွေ၊ ပြဿနာတွေ အများကြီး နောက်ဆက်တွဲ ကြုံလာမယ်လို့ ပင်တဂွန်က သတိပေးထားပါတယ်။

 

အမေရိကန်ဟာ အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အာကာသ တပ်ဖွဲ့ ဗဟိုစီမံခန့်ခွဲရေး ယူနစ်အဖြစ် ပြီးခဲ့တဲ့လက ဟာဝိုင်ယီမှာ စခန်းအသစ် ဖွင့်ခဲ့ပြီး အခုတစ်ခါ တောင်ကိုရီးယားမှာ တပ်ဖွဲ့ခွဲ ထပ်မံ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားမှာ အာကာသတပ်ဖွဲ့ ဖြန့်ကျက်လာခြင်းရဲ့ နောက်ကွယ်မှာ အမေရိကန်က မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်လာချင်တဲ့ ရည်ရွယ်ချက်မျိုးလည်း ပါဝင်လိမ့်မယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ထားကြပါတယ်။