မြောက်ကိုရီးယားကို ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နျူကလီးယား လက်နက် စွမ်းရည်မျိုး ပိုင်ဆိုင်လာစေဖို့ ရည်မှန်းထားကြောင်း နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ နိုဝင်ဘာ ၂၇ ရက် ဖော်ပြချက်အရ ကင်က သူဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး နျူကလီးယား တပ်ဖွဲ့မျိုး ပိုင်ဆိုင်လာတဲ့အထိ ချဲ့ထွင် တည်ဆောက်သွားဖို့ မဟာ ရည်မှန်းချက်တစ်ခု ထားရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယား စစ်မှုထမ်း တချို့ကို ရာထူးတိုးပေးတဲ့ အခမ်းအနားမှာ ကင်က သူ့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို အခုလို ထုတ်ပြောခဲ့တာပါ။
နိုဝင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်အသစ် စမ်းသပ် အောင်မြင်ခဲ့တဲ့ ရလဒ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုစစ်မှုထမ်းတွေကို ကင်က ရာထူး တိုးပေးခဲ့တာပါ။ မြောက်ကိုရီးယား အစိုးရက အဲဒီ ဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ပြီး တာဝေး ပျံသန်းနိုင်တဲ့ Hwasong-17 အမျိုးအစားသစ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကင်ဟာ အဲဒီ ဒုံးကျည် စမ်းသပ်တဲ့နေ့က သူ့ရဲ့ သမီးကို ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပွဲထုတ်ပြီး ခေါ်ဆောင်လာခဲ့သလို စစ်သည်တွေကို ရာထူးတိုးပေးတဲ့ အခမ်းအနားမှာလည်း ဒုတိယအကြိမ် ခေါ်ဆောင်လာပြန်တာ တွေ့ရပါတယ်။ ဒီအခြေအနေတွေအရ အဲဒီ မိန်းကလေးဟာ ကင်ရဲ့ အရိုက်အရာခံ ဖြစ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေး ခန့်မှန်းမှုတွေကိုလည်း ပိုမို အားကောင်းလာစေပါတယ်။
မြောက်ကိုရီးယားက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်ချက်အရ အကြီးစား တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို တစ်နာရီကျော်ကြာ တာဝေး ပျံသန်းစေနိုင်ခဲ့ကြောင်း အတည်ပြုလို့ ရခဲ့ပေမယ့် နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ချိန်မှာ ဒုံးကျည် ရောက်ရှိနိုင်တဲ့ မြန်နှုန်းနဲ့ ခရီး အကွာအဝေးကိုတော့ ခန့်မှန်းလို့ မရသေးပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ လာမယ့် နှစ်ပိုင်းတွေအတွင်း သူတို့ရဲ့ ဒုံးကျည် နည်းပညာပိုင်းကို ပိုပြီး သည်းသည်းမည်းမည်း အဆင့်မြှင့်တင်ဖို့ ကြိုးစားလာဦးမယ်လို့ နိုင်ငံတကာ စစ်ရေး ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။