ဧရာဝတီတိုင်း အတွင်းမှာ ပြည်သူစစ်အဖွဲ့အဖြစ် အသွင်ပြောင်းထားတဲ့ ပျူစောထီးတွေကို အနောက် တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဧရာ၀တီတိုင်း စစ်ကောင်စီ က တစ်တောင့်ထိုး လုပ်သေနတ်တွေတပ်ဆင်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
တစ်တောင့်ထိုး လုပ်သေနတ်တွေ နဲ့ ပျူစောထီးတွေ ကို လက်နက်တပ်ဆင်မယ့် အစီအစဉ် ကို ဧရာဝတီ တိုင်း အတွင်းက မြို့တွေမှာ အ ခြေစိုက် ထားတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ တွေ က တပ်ရင်းမှူးတွေ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးမှူးတွေ နဲ့ မိုက်ကယ်ကျော်မြင့်ရဲ့ နှင်းဆီပါတီ က စည်း ရုံးမှူးတွေ ပူးပေါင်း စီစဉ်နေတာလို့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ နီးစပ်သူတွေကပြောပါတယ်။
“ကျည်တစ်ထောင့်ထိုး တစ်ချက်ပစ် လုပ်သေနတ်တွေ ထုတ်ပေးမယ်၊ အိမ်မှာ အမြဲတန်း အပိုင်ပေး မထားဘူး၊ လုံခြုံရေးထွက်တဲ့အခါမှ အဲ့ဒီ သေနတ်တွေ ထုတ်ပေးမယ် ပြောနေကြတယ်” လို့ ပျူစောထီး အဖွဲ့ဝင် မဟုတ်တဲ့ ရပ်/ကျေး အုပ်ချုပ် ရေး အ ဖွဲ့ဝင် တစ်ဦး က DNA ကို ပြောပါတယ်။
အဲ့ဒီလို တပ်ဆင်ပေးမယ့်လက်နက်တွေကိုစစ်ကောင်စီရဲ့စစ် လက် နက်ပစ္စည်းထုတ်လုပ်တဲ့ တပ်က အငြိမ်းစားစစ်သားဟောင်းတွေက ဧရာ၀တီတိုင်းတွင်း တစ်နေရာမှာထားရှိမယ့် အလုပ်ရုံကနေ အခကြေးငွေနဲ့ ထုတ်လုပ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီ လက်လုပ်သေနတ်အလုပ်ရုံကနေ ပြောင်းတို၊ပြောင်းရှည် လုပ်သေနတ် နှစ်မျိုးလုံးထုတ်လုပ်ဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။
“အုပ်ကြီးတွေ နဲ့ ပြည်သူစစ် (ပျူစောထီး) ခေါင်း ဆောင်တွေ ကတော့ ပြောင်းတိုတွေ ကိုင်ခွင့် ရလိမ့်မယ်၊အော်တို ပစ္စတို လိုချင်ရင်တော့ နယ်စပ်ကနေ မှာလို့ ရမယ်၊ တပ်ကထုတ်တဲ့ ပစ္စတိုတော့ မရနိုင်ဘူး” လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ် ရေး ဝန်ကြီးဌာန စစ်လက် နက် ပစ္စည်းစက်ရုံက ထုတ်လုပ်တာ မဟုတ်ဘဲ သီး ခြား အစီအစဉ်နဲ့ ထုတ်လုပ်တဲ့ တစ်ထောင့်ထိုး လုပ် သေနတ် တစ်လက်စီ ရဲ့ ကျသင့်တန်ဘိုးငွေကို သေ နတ်ကိုင်မယ့် ပျူစောထီးက တစ်ဝက် ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ က တစ်ဝက် ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်တဲ့ သေနတ်တွေဟာ ချေမှုန်းရေး လက်နက်တွေဖြစ်ပြီး အဲဒီ သေနတ်တွေကို စစ်တိုင်းအလိုက် တပ်ရင်းတပ်ဖွဲ့ တွေကို သေနတ်မှတ်ပုံတင် နံပါတ်တွေနဲ့ မှတ် တမ်းလုပ်ပြီး ထုတ်ပေးထားတာ၊ ပျက်စီး ပျောက်ဆုံးစာရင်းတွေကိုလည်း အထက်ကို အဆင့်ဆင့်တင်ပြရတာတွေ ကြောင့် ပျူစောထီးတွေကို (ကပစ) ထုတ် ချေမှုန်းရေး သေနတ်တွေ ထုတ်မပေး တာဖြစ်နိုင်တယ်လို့ လုံခြုရေး အရ အမည် မဖေါ်လိုတဲ့ အငြိမ်းစား စစ်အရာရှိတဦး က ပြောပါတယ်။
“ဒီလုပ်ကွက်က ရှင်းပါတယ်၊ အောက်အခြေက အရာရှိတွေ နဲ့ နိုင်ငံရေးသမားတွေ သေနတ်လုပ်ရောင်းတဲ့ သဘောပါပဲ၊ ပြည်သူအချင်းချင်း ချကြဆို တာမျိုးပေါ့ ၊ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့နည်းပါ တရားဥပဒေ စိုးမိုးရေး ဒေသအေးချမ်းအေး အတွက် အရမ်း အန္တရာယ်ကြီးပါတယ်” လို့ သူက ဝေဖန်ပါတယ်။
ဧရာဝတီတိုင်းအတွင်း ထဲက မြို့နယ် (၂၆) ခုမှာ အ ခုနှစ်ဆန်းကစပြီး အကြမ်းဖက် စစ်ကောင်စီက သူတို့ နဲ့မသက်ဆိုင်ဘူးလို့ ထုတ်ပြောဖူးတဲ့ပျူစောထီး တွေကို ပြည်သူစစ် အဖွဲ့ အသွင်ပြောင်းကာ ကျေးရွာ အုပ်စုတစ်စုကို အင်အား (၆၀) နှုန်းနဲ့ ပြောင်ကျကျ ဖွဲ့စည်းပြီး စစ်သင်တန်းတွေ ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်း လက်နက်ကိုင်တော် လှန်ရေး အရှိန်မြင့်တက်လာပြီးနောက် ဧရာဝတီ တိုင်းမှာသာမက တနိုင်ငံလုံးက ပျူစောထီးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေကို လက်နက်တပ်ဆင် ပေးတာ၊ စစ်သင်တန်းပေးတာတွေ လုပ်နေပြီး စစ် ရေးလှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေမှာတော့ ပျူစောထီးတွေက စစ်ကြောင်းတွေနဲ့အတူ လိုက်ပါတိုက်ခိုက်နေတာ လနဲ့ချီကြာမြင့်နေပါပြီ။