ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲတွေနဲ့ YDF တပ်ဖွဲ့ဝင်နှစ်ဦး အပြန်အလှန်ပစ်ခတ်မှုအတွင်း YDF ဒုစစ်ဦးစီးချုပ် ကျဆုံးခဲ့သလို စစ်ကောင်စီဘက်က ကန်ရွာရဲစခန်းမှူးလည်းသေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ပစ်ခတ်မှုအတွင်းကန်ရွာရဲစခန်းကဒဏ်ရာရရှိသူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ စခန်းမှူးဟာ အောက်တိုဘာ (၁၁) ရက် မနေ့က ညပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ညကတော့ စခန်းထဲမှာ ဖိငိုကြတာ၊ သေနတ်တွေ ဖောက်ကြတာကလဲ မနက်နှစ်နာရီလောက်ထိပ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကန်ရွာ ရဲစခန်းမှူးသေဆုံးတာဟာ ကျဆုံးသွားတဲ့ YDF ဒုစစ်ဦးစီးချုပ် ကိုဖြိုး ပစ်ခတ်ခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်ပါဘူး။
” ရဲတွေနဲ့သူကလမ်းမှာတွေ့ပြီး ရဲတွေကကျော်သွားကြပြီးသား၊ ပြီးမှရဲတွေပြန်လှည့်လာတာ၊သူကစပစ်တာပဲ၊သူ့ကိုမှန်လို့ မြေပြင်မှာလဲသွားတာတောင် မှန်အောင်ပစ်သွားတာ” လို့ အဖြစ်အပျက်နဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
ဂန့်ဂေါမြို့နယ်၊ကျွန်းခုံသာရွာမှာ အောက်တိုဘာ( ၉) ရက်နေ့က YDF စစ်ဒုဦးစီးချုပ်အပါအဝင် နှစ်ဦးနဲ့ကန်ရွာရဲစခန်းက ရဲတွေအပြန်အလှန်အနီးကပ်ပစ် ခတ်မူဖြစ်ပွားခဲ့ရာမှာ YDF စစ်ဒုဦးစီးချုပ် ကိုဖြိုးနဲ့ရဲဘော်ပွားလေးကျဆုံးခဲ့ပြီး ကန်ရွာရဲစခန်းက တပ်ကြပ်တစ်ဦးနေရာမှာသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့တာပါ။
YDF တည်ထောင်သူတွေထဲကတဦးလည်းဖြစ်၊ဒုစစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ကိုဖြိုးကျဆုံးရတာဟာ သတင်းအထိအကျပေးတဲ့သူရှိလို့ ဖြစ်မယ်လို့ ဒေသခံတွေကယူဆနေကြပါတယ်။
ဒုစစ်ဦးစီးချုပ်ကိုဖြိုးကျဆုံးတာနဲ့ပတ်သက်ပြီး ကန်နယ်မြေအတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ကန်ရွာရဲစခန်း အနီးဝန်းကျင်ကအိမ်တွေဟာ အခြားကိုပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။