၂၈ သြဂုတ် ၂၀၂၂
ပြီးခဲ့တဲ့အပတ်က ဘာသာပြန်ကဗျာတပုဒ်ဖတ်ရ။ ကဗျာနာမည်က ဆူပါမင်း။ဂျပန်ကဗျာဆရာ အီနူရို တာဂူချီရဲ့ ကဗျာကို မြန်မာကဗျာဆရာ စာရေးဆရာကျော်မျိုးကဘာသာပြန်တာဖြစ်တယ်။ ဒီကဗျာကို အပိုင်း ၃ပိုင်းခွဲကြည့်ပါမယ်။ အနက်ကောက်ယူခြင်း၊
ကဗျာ(ဆရာ)ရဲ့ လောကအမြင်နဲ့ တော်လှန်ရေးနဲ့ ဆက်စပ်အမြင်တွေလို့ ပြောနိုင်တယ်။
အနက်ကောက်ယူခြင်း
ဆူပါမင်း
ဆူပါမင်းဟာ ပန်းခြံထဲမှာ သူ့လက်တွန်းလှည်းနဲ့
အေးအေးလူလူ လမ်းလျှောက်လို့။
ဘဝဆိုတာ သူကိုယ်နှိုက်ကိုက ရက်စက်မှုပဲ ၊
ဒီလိုအချိန်မျိုးမှာ နေရောင်ခြည်ဖြာကျနေတာကိုက
ကျက်သရေတစ်ပါး ဖြစ်ပေမဲ့လည်းလေ။
ကျုပ်ကောင်းကင်ထဲ ပျံသန်းခဲ့တုန်းက
သိပ်သိပ်ငယ်လွန်းသေးသပေါ့။
ကျုပ် ပျံသန်းခဲ့တယ် အသေအချာပဲ၊
ဒါပေမဲ့ ကောင်းကင်ထဲ ပျံသန်းတယ်ဆိုတာ
ဘာကိုဆိုလိုမှန်း
ကျုပ် သေချာမသိခဲ့ရိုးအမှန်ပါ။
အခုတော့ ပြောင်းလဲသွားပြီ။
ကောင်းကင်ထဲ ပျံသန်းဖို့ဆိုတာ
သူ့ဖြစ်နေတဲ့အတိုင်း
ခင်ဗျားလက်ချောင်းလေးကို ရွှေ့ကြည့်ဖို့၊
ရွှေ့ရင်လည်း လက်မဝက်ထက် မပိုစေဖို့။
ဘဝဆိုတာ ရင်သပ်ရှုမောဖွယ်ရာ ဟာသတစ်ပါး။
ဒါပေမဲ့ အဲဒါပျော်စရာလည်းကောင်းရဲ့။
မဟုတ်ဘူးလားဗျာ။ ခင်ဗျားဟာ လက်တွန်းလှည်းကို တက်ကိုစီးရမှာ
ပြီးတော့မှ ဆူပါမင်း ဖြစ်လာနိုင်မှာလေ။
ပထမအပိုဒ် ကဗျာအဖွင့်မှာ ကဗျာဆရာက ၂ ဆင့် လှုပ်ထားတာ တွေ့ရတယ်။ပထမအဆင့်က ဆူပါမင်းကို ကောင်းကင်ကနေ မြေပြီးပေါ် (လူတွေ မြင်ရခက်ခဲတဲ့ပျံသန်းမှုကနေ လူထူထပ်နေနိုင်တဲ့ ပန်းခြံတစ်ခုထဲ) ကို ဆွဲချထားတယ်။ မပြီးသေးဘူး။ဒုတိယအဆင့် ထပ်လှုပ်ပြထားတာက ဆူပါမင်း ဟာ ဘီးတပ်ကုလားထိုင် (လက်တွန်းလှည်း)ပေါ်မှာ။ ဘာသာပြန်ကဗျာဆရာရဲ့ ကျွမ်းကျင်မှုက ပထမ ပိုဒ်ရဲ့ ကပ်လိုက်လာတဲ့ ဝါကျတွေမှာတွေ့ရတယ်။ ဘဝဆိုတာ သူကိုယ်နှိုက်ကိုက ရက်စက်မှုပဲ (အတော်တာသွားတဲ့ အဖွဲ့အနွဲ့တစ်ခုဖြစ်တယ်)။ အဲဒီ ဒဿနကို ကဗျာဆရာက ရသနဲ့ ပြန်အုပ်ထား တယ်။ ဒီလိုအချိန်မျိုးမှာနေရောင်ခြည်ဖြာကျနေတာကိုက ကျက်သရေတစ်ပါးဖြစ်ပေမဲ့လည်းလေ ဆိုပြီး။
ဒုတိယတပိုဒ်က သာမန်ပဲ။ သူပြောချင်တာကိုပြောနိုင်ဖို့ ဆက်ခင်းထားတာဖြစ်တယ်။အနှစ် ချုပ်ပြောရင် ငယ်သေးတော့ ပျံသန်းနေတယ်ဆိုတာ ဘာမှန်းမသိခဲ့ဘူး ဆိုတာပဲ(သာမန်ပဲဆိုတာက သူ့ကဗျာတစ်ခုလုံးမှာ တခြားအလှအပတွေနဲ့ အတွေးအခေါ်တွေနဲ့ယှဥ်ကြည့်ပြီးပြောရတာ၊ တကယ် တော့ ငယ်သေးတော့ ပျံသန်းနေတယ်ဆိုတာဘာမှန်းမသိဘူးဆိုတဲ့ အတွေးနဲ့ အရေးဟာ သိပ်ပေါ့ဆလို့ ရတာမျိုးတော့ မဟုတ်)။ တတိယပိုဒ်က သတိထားရမှာတွေ ရှိတယ်။ ဒီအပိုဒ်မှာ ကဗျာကိုနားလည်မှုလွဲသွားနိုင်တာတွေ ရှိတယ်။ အခုတော့ နဂိုကနဲ့ မတူတော့ဘူးတဲ့။ ကောင်းကင်ထဲငယ်ရွယ်စဥ်ပျံသန်းတယ်ဆိုတာ သူ့ အတိုင်း ဖြစ်နေခဲ့တာမျိုး။ အခုတော့ရွေ့လျားသွားလာဖို့ဆိုတာ လက်ချောင်းလေးကို လှုပ်ရတယ်၊ ဒါတောင် လက်မဝက်ထက်ပိုမလှုပ်မိဖို့လည်း လိုတယ် ဆိုတဲ့သဘောပဲ။ ဘီးတပ်ကုလားထိုင်တွေက ၂ မျိုးရှိတယ်။တမျိုးက ဘီးကိုလူကိုယ်တိုင်လှိမ့်ပြီးသွားတာမဟုတ်ရင် အခြားတစ်ယောက်က တွန်းပေး ရတာ။နောက်တမျိုးက မော်တာနဲ့သွားတာ ကုလားထိုင်လက်တင်မှာ ခလုတ်တခုပါတယ်။ အဲဒီခလုတ်ကို အဖိအဖော့၊ သို့မဟုတ် အတိုးအရွှေ့လုပ်ပြီး သွားရတာ။ ခုဟာက ဒါမျိုးဖြစ်မယ်။ ခလုတ်ကိုချိန်ဆ ရွှေ့ရတဲ့သဘောကို ဆိုလိုပုံဖြစ်တယ်။ ကဗျာက အရှည်ကြီးမဟုတ်ပေမဲ့ ကဗျာဆရာက သူသိမ်းရတော့မယ်ဆိုတာသိလိုက်တယ်။ နောက်ဆုံးပိုဒ်ဟာ ကဗျာရဲ့ ဒဿနကို ဖော်ပြတာဖြစ်တယ်။ သူကိုယ်နှိုက်ကိုကရက်စက်မှုတစ်မျိုး ဖြစ်တယ်ဆိုတဲ့ ဘဝဟာ တကယ့်ဟာသတစ်ခုလည်း ဖြစ်တယ်။ ရယ်စရာပျော်ရွှင်စရာလည်း ကောင်း ပါတယ်တဲ့။ ခင်ဗျားဆူပါမင်းတစ်ယောက်ဖြစ်ဖို့ဆိုတာဘီးတပ်ကုလားထိုင်တစ်ခုနဲ့ ဘဝကို ဖြတ်သန်း ခဲ့ဖို့တော့ လိုတယ်လို့ ဆိုလိုချင်တာဖြစ်တယ်။
ကဗျာ (ဆရာ) ရဲ့ လောကအမြင်
ကနေ့အထိ နှစ်သန်းပေါင်းထောင်ချီကြီပြင်းလာခဲ့တဲ့ ကမ္ဘာမြေကို ကျနော်တို့ အပိုင်း ၃ပိုင်းခွဲပြီး မြင်ကြည့်နိုင်တယ်။ ဒီလိုခွဲမြင်ဖို့အတွက် လူသားဟာ ကမ္ဘာလောကထဲ ကျင်လည်ရင်းသူ့ခံစားမှုနဲ့ အတူ ဆင်ခြင်တုံတရားကို (ခံစားမှုထက်ကျော်လွန်၊ သို့မဟုတ် ယှဥ်တွဲ)အသုံးချလာနိုင်ခဲ့တာ၊ စက်မှုတော် လှန်ရေးတစ်ခုကို အောင်မြင်ခဲ့တာဟာအရာရာကိုပြောင်းလဲစေခဲ့တယ်။ ကနေ့ခေတ် ကမ္ဘာထဲလူမျိုး တွေ နိုင်ငံတွေရဲ့ နိုင်ငံရေးစီးပွားရေး လူမှုရေးအဆင့်အတန်းတွေအပေါ်ကို ဆင်ခြင်တုံတရားနဲ့ စက်မှု တော်လှန်ရေးဟာကြီးမားတဲ့ သက်ရောက်မှုတွေပေးနိုင်ခဲ့တယ်။ လူဟာဆင်ခြင်တုံတရားကို စတင်အသုံးပြုလာနိုင်ခဲ့တဲ့ အချိန်နဲ့ စက်မှုတော်လှန်ရေးကို အောင်မြင်ခဲ့တဲ့အချိန် (၁၈ရာစု) ကစလို့မော်ဒန် ဆိုတဲ့ ခေတ်မှီကမ္ဘာကြီးထဲကို ဝင်ရောက်လာနိုင်ခဲ့တယ်။အဲဒီမတိုင်ခင် အချိန်တွေကို မော်ဒန်မတိုင်မီခေတ် (ပရီမော်ဒန်လို့) ပြောနိုင်တယ်။ပရီမော်ဒန်မှာ လူဟာ သဘာဝတရားနဲ့ ယှဥ်တွဲနေတယ်။ သဘာဝတရားရဲ့ ဒဏ်ကို ခံရတယ်။
သဘာဝကို တွန်းလှန် တယ် တိုက်ခိုက်တယ် ကိုးကွယ်တယ်။ လူဟာ စိုက်ပျိုးရေး (အပင်တွေနဲ့)မွေးမြူရေး (အခြားတိရိစ္ဆာန် တွေနဲ့) ယှဥ်ပြိုင်နေထိုင်ရင်း အသက်မွေးမှုပြုတယ်။အဲဒီအခြေအနေအတွင်းမှာပဲ လူဟာ သဘာဝ တရားကို အောင်မြင်လိုတယ်။ ဒီတော့မြေရှိူးတာကို ကြိုက်တယ်၊ မိုးပျံတာကို ကြိုက်တယ်။ ကောင်း ကင်ထဲ ပျံဝဲနိုင်တာကို ထူးခြားတဲ့တန်ခိုးတစုံတရာလို့ ယူဆတယ်။ ရေပေါ်လမ်းလျှောက်နိုင်တာ၊ ဂူအောင်းနိုင်တာမျိုးကအစပေါ့။စက်မှုတော်လှန်ရေးအောင်မြင်အပြီး မော်ဒန်ခေတ်ကြီးကို ရောက်လာတော့ ဒုက္ခိတတစ်ယောက်အတွက် ရေမန်းနဲ့ ပျောက်စေဆရာထက်စာရင် ဘီးတပ်ကုလားထိုင်တစ်လုံးက ပိုလို့အထောက်အကူဖြစ်စေတယ်။ လူတွေမိုးမပျံနိုင်ပေမဲ့ ဘိုးရင်းတွေအဲယားဘတ်စ်တွေပေါ်လာတယ်။ မြေကြောရှုံ့မယ့်အစား မော်တော်ကားတွေစီးကြတယ်။မြို့ပြမီးရထားတွေဟာ မြေအောက်လှိုဏ် ခေါင်းတွေထဲကနေ ဥဓဟို သွားလာနေကြတယ်။ယာဥ်ရထားတွေဟာ မော်ဒန်ခေတ်ရဲ့ နတ်နဂါးတွေပဲ။ သိပ္ပံဟာ၊ ပညာရေးဟာ ဥပဒေဟာမော်ဒန်ရဲ့ အဆောင်အယောင်တွေ၊ လက်ဖွဲ့ကြိုးတွေ ဖြစ်လာတယ်။
သိပ္ပံပညာကြီးမြင့်လာတော့ လူဟာ သရက်သီးကိုစားရင်း သရက်ပင်ကို ဓာတ်ကြိုးနဲ့မလွတ် တာနဲ့ ခုတ်ဖို့ ဝန်မလေးဘူး ဖြစ်လာတယ်။ ငွေနဲ့ မြို့ပြနောက်လိုက်ရင်းတောအရိုင်းကိုရှင်းဖို့ လက်ယဥ် လာကြတယ်။ ကြက်ဥကိုစားရင်း နွားနို့ကိုသောက်ရင်းတိရိစ္ဆာန်တွေရဲ့ ဘဝကို ကိုယ်ချင်းစာဖို့ ပျက် ကွက်ခဲ့ကြတယ်။ မော်ဒန်လူသားဟာဆင်ခြင်တုံတရားနဲ့ လက်တွေ့ဟာ အရာရာလို့ အယူအကောက် လွဲလာခဲ့တယ်။ ဒါဟာမော်ဒန်လွန် (တစ်နည်း ပို့စ်မော်ဒန်၊ သို့မဟုတ် ပိုမို) အတွေးအခေါ်နဲ့ ယဥ်ကျေးမှုဝင်ရောက်လာဖို့ ဖြစ်စေခဲ့တယ်။ ပိုမိုဆိုတာ ခံစားမှုသက်သက်နဲ့ တောကြီးမျက်မည်းထဲမှာမနေထိုင်ဖို့၊ ဆင်ခြင်တုံတရား သက်သက်နဲ့ မြို့ပြကွန်ကရစ်တောထဲမှာလမ်းမပျောက်ဖို့ဖြစ်တယ်။
ပိုမိုအမြင်ဆိုတာ လူကိုယ်တိုင် လေထဲပျံသန်းနိုင်တဲ့ ပါဝါကိုအလွန်အမင်းဂရုမပြုဘူး။စက်တပ် ဘီးတပ်ကုလားထိုင်တစ်လုံး (သိပ္ပံပညာနဲ့ ငွေကြေး) ရှိရုံနဲ့ လူဟာ သူ့ချို့တဲ့မှုကိုမရင်ဆိုင်နိုင်ဘူး။ တစ်နည်း လူလူချင်း ချစ်ခင်ကြင်နာမှုနဲ့ ဖေးမမှုမရှိသမျှ လူ့ဘဝရဲ့
ဒုက္ခအဝဝကို ကျော်လွန်နိုင်ဖို့ မလွယ် ဘူးဆိုတာကို ဆိုလိုခြင်းဖြစ်တယ်။ ခင်ဗျားဟာဘီးတပ်ကုလားထိုင်တစ်လုံးပေါ်ကနေ လူ့ဘဝကို ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါကျမှဆူပါမင်းဆိုတာဘာလည်း သိပါလိမ့်မယ်လို့ တာဂူချီရဲ့ ဆိုလိုရင်းကို ကျော်မျိုးကဖောက်သည်ချခဲ့တာ ဖြစ်တယ်။
တော်လှန်ရေးနဲ့ ဆက်စပ်အမြင်
စစ်အာဏာသိမ်းခံရတော့ အစိုးရဆိုတဲ့ မော်ဒန်ပါဝါဟာ ၂ပိုင်းကွဲသွားတယ်(နဂိုကကွဲနေတဲ့ မော်ဒန်ပါဝါဟာ တရားဝင် ၂ ပိုင်း ကွဲသွားတယ်)။ တစ်ပိုင်းကစစ်အာဏာသိမ်းပြီး အစိုးရအဖြစ် အသွင် ပြောင်းဖို့ကြိုးစားနေတဲ့ စစ်တပ်ကိုယ်တိုင်ဖြစ်ပြီး၊နောက်တစ်ပိုင်းက ဥပဒေကိုအခြေခံတဲ့ လွှတ်တော် ကို အခြေခံတဲ့ သိမ်းပိုက်ခံအစိုးရ(အမျိုးသားညီညွတ်ရေးအစိုးရ) ဖြစ်တယ်။ ရှင်းအောင်ပြောရရင် ကွဲ သွားတဲ့ပါဝါမှာ စကစကဥပဒေလက်မဲ့၊ နုဂျီက လက်နက်မဲ့ ဖြစ်တယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ စခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ခုချိန်မှာတနှစ်ခွဲကျော်လာခဲ့ပြီဖြစ်တယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်တွင်းစစ်ဟာ ပုံစံ ၂မျိုးကွဲထွက်လာတယ်။ ပထမပုံစံက နဂိုရှိနေ တဲ့ အီးအေအိုတွေနဲ့ စစ်တပ်ကြားကပြည်ထောင်စုနဲ့ လူမျိုးစုပြဿနာ (ပိုမိုနိုင်ငံရေးနဲ့ တော်လှန်ရေး) ဖြစ်ပြီး ပုံစံအသစ်ကပြောက်ကျားစစ်အခြေခံနဲ့ စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ လူထုရဲ့ ကျေးလက်(ပရီမော်ဒန်) တော်လှန်ရေး (အင်္ဂလိပ်လက်အောက်ကလွတ်ဖို့ တော်လှန်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ပုံစံမျိုး) ဖြစ်တယ်။
နွေဦးတော်လှန်ရေးဟာ ကျေးလက်လူထုတော်လှန်ရေး (ပရီမော်ဒန်)၊ နုဂျီ (မော်ဒန်) နဲ့တိုင်းရင်း သားတွေရဲ့ လူမျိုးစုလွတ်မြောက်မှုတော်လှန်ရေး (ပိုမို) ဆိုပြီး အခြေခံကွဲပြားမှုတွေရှိနေတယ်။ နုဂျီဟာ လွှတ်တော် (နဲ့ ပါတီ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ)အခြေခံကလာတာ ဖြစ်တဲ့အတွက် လက်နက် ကိုင်တော်လှန်ရေးရဲ့ အတွေးအခေါ်နဲ့ အင်အားကိုအချိန်တစ်ခုယူပြီး တည်ဆောက်နေရဆဲ ဖြစ်တာ တွေ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးလိုအပ်လာတယ်ဆိုတာရဲ့ အဓိပ္ပာယ်က မော်ဒန်စစ်ပါဝါကို မော်ဒန်စစ်ပါဝါနဲ့ယှဥ်ပြိုင်တိုက်ခိုက်တာကို ဆိုလိုတယ်။ မော်ဒန်စစ်ပါဝါဆိုတာကလည်း လက်ရှိမှာစစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေပေါင်းစည်းနိုင်မှ တည်ဆောက်နိုင်မှာဖြစ်တယ်။ တော်လှန်ရေးတရပ်ရဲ့ ဦးဆောင်မှုကို ဆူပါမင်းတွေသာလုပ်နိုင်တယ်ဆိုရင် အဲဒါဟာလေထဲပျံဝဲ နိုင်တာမျိုးကို ဆိုလိုတာမဟုတ်။ မြေပြင်ပေါ်မှာ ရုန်းကန် ရှင်သန်တိုက်ပွဲဝင်နိုင်တာမျိုးကို ဆိုလိုတာ ဖြစ်တယ်။
ကျော်ဇောခိုင်