Photo- CJ
မြ၀တီ-ဝေါလေ-ဆုံဆည်းမြိုင် လမ်းပိုင်း တောင်နီ ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာ (၆)ရက်ညက ထိတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ အဲဒီတိုက်ပွဲအတွင်းမှာ ဆုံဆည်းမြိုင် DKBA ဌာနချုပ်မှာရှိတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး နေအိမ်ပေါ်ကို ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အနည်းငယ် ပျက်စီးပြီး DKBA ရဲဘော်တဦး ဗုံးသီးအစထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က DNA ကိုပြောပါတယ်။
“မနေ့က တောင်နီတောင်ပေါ်လမ်းမှာ တိုက်ပွဲ ဖြစ်တယ်၊ ဆုံဆည်းမြိုင်နဲ့ဆို အထက်အောက်ပေါ့ ။ ဖိုးစတီး အိမ် ပေါ်ကို ညကဒရုန်း မှာ (81) မော်တာ အသီးတပ်ပြီး ပစ်ခံရတယ် ။ ဆုံဆည်းမြိုင် ဆိုင်းဘုတ်ကုန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ မနေရဲ ကြတော့ဘူး သောင်ရင်းမြစ် ကမ်းနားပိုင်း ဆင်းရှောင် နေကြတယ်”လို့ ပြောပါတယ်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစပြီး ဝေါလေစစ်ဗျူဟာ ဘက်မှာ စစ်ကောင်စီစစ်ကြောင်း၂ ခု အင်အား ၃၀၀ခန့်နဲ့ ဝါးမီးထ၊လယ့်ခေါ် (လော်ခေါ်) ရွာ ဘက်ကနေ ဆုံဆည်းမြိုင် ဆိုင်းဘုတ်ကုန်း စစ်စခန်းဘက်နဲ့ တောင်နီ တောင်ပေါ်လမ်းပိုင်း၊ ဥကရစ်ထလမ်းပိုင်း နေရာတွေမှာ နယ်မြေစိုးမိုးဖို့ အထိုင်ချလမ်းပိတ်ထားပြီး ဒီနေ့မနက်ပိုင်းအထိ လက်နက်ကြီးလက်နက်ငယ် အသံတွေ ကြားနေရစဲ ဖြစ်တယ်လို့ ဆုံဆည်းမြိုင် ရွာသားတဦးက ပြောပါတယ် ။
“ညကတော့ အလုံးကြီးတွေ ဆိုင်းဘုတ်ကုန်း ကနေ စစ်တပ်က တောင်ကျောဘက် ကို ပစ်ထုတ်နေတယ်။ ဒီမနက် လည်း ပစ်တာက ရှိနေတုန်း ဆိုတော့ သောင်ရင်းချောင်းဘက် ရှောင်နေရတယ် ။ တိုက်ပွဲ ပြင်းလာရင်တော့ ထိုင်းဘက်ကမ်း မော်လီချိုင်း ရွာဘက် တက်ရှောင်ရမှာပေါ့ ။ ထိုင်းစစ်တပ်ကလည်း နယ်စပ်မှာ ကင်းပတ်နေ တော့ ကမ်းကူးမရသေးဘူး” လို့ ပြောပါတယ် ။
အဲဒီ မြ၀တီ -ဆုံဆည်းမြိုင်-ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီတပ်က စိုးမိုးထိန်းချုပ် နိုင်ရေးအတွက် စစ်ဆင် တိုက်ခိုက် နေရာမှာ ဖလူး-သုံးထပ်ကွေ့-သရက် တပင် စခန်းတွေဘက်မှာ KNLAပူးပေါင်း ကော်ပရာစစ်ကြောင်း အဖွဲ့ နဲ့ ၊ သေ့ဘောဘိုး-တောင်နီ-ဆုံဆည်းမြိုင် -ဥကရစ်ထ- ဘက်မှာ KTLA ကော်သူးလေ တပ်မတော် ပူးပေါင်း အဖွဲ့ ၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။