ထိုင်ဝမ်ကျွန်းမှာ ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်သွားမယ်

Photo – Reuters

လာမယ့်နှစ်ကစပြီး ထိုင်ဝမ်ကျွန်းမှာ ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်သွားမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ 

 

တရုတ်နဲ့ ကမ်းရိုးတန်းအနီး စစ်ဆေးရေးဂိတ်တခုမှာ ထိုင်ဝမ်စစ်သားတွေက တရုတ်ဒရုန်းတစင်းကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ဗီဒီယိုတခု ထွက်ပေါ်လာပြီးနောက် အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ 

 

အခုလအစောပိုင်းက အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးနောက် စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ်ပြုလုပ်တာနဲ့ ထိုင်ဝမ်ကျွန်းအနီး ဒရုန်းတွေ ပျံဝဲတဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ထိုင်ဝမ်က ရှုတ်ချခဲ့ပါတယ်။

 

တရုတ်အစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ သင်းကွဲပြည်နယ်တခုအဖြစ် သတ်မှတ်ထားပြီး တရုတ်တပြည်ထောင်တည်း မူဝါဒအရ တခြားနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးပြုလုပ်တာကိုလည်း တားမြစ်ထားပါတယ်။ 

 

အဲဒီဗီဒီယိုဖိုင်နဲ့ ပတ်သတ်လို့ တရုတ်ဘက်က မှတ်ချက်ပြုတာမရှိခဲ့ပါဘူး ၊ ဒါပေမယ့် တရုတ်လူမှုမီဒီယာပေါ်မှာ ကြည့်ရှုနှုန်း သန်းချီရှိပြီး လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ လှောင်ပြောင်နေကြတာကို တွေ့ရတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။