ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အလုပ်လက်မဲ့တွေကို စုစည်းပြီး ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေးဖို့ အကြမ်းဖက်စစ်တပ်က စီစဉ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတချို့က DNA ကိုပြောပါတယ်။
“တစ်လ ၅၀၀၀၀ ပေးမယ်။ ကိုယ့်ရပ်ရွာမှာဘဲ လုံခြုံရေး လုပ်ရမယ်။သေနတ်ပေးထားမယ်ပြောပြီး စည်းရုံးတာ၊ အလုပ်မရှိ အကိုင် မရှိ တစ်ရာ့ကိုး တစ်ရာ့ဆယ်တွေ ကတော့လုပ်ကြတယ် “လို့ ဆိုပါတယ်။
ကျေးရွာအုပ်စု /ရပ်ကွက်တစ်ခုကို အင်အား ၆၀ နဲ့ ဖွဲ့စည်းဖို့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်လူစုဆောင်းပြီး စစ်မှုထမ်းဟောင်းတွေက စစ်သင်တန်းပေးတာ၊သေနတ်ဖြုတ်၊တပ်တာနဲ့. ပစ်ခတ်တဲ့ချိန်နည်း အလင်္ကာတွေသင်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း အကြမ်းဖက်စစ်တပ်က ဗိုလ်မှူးမင်းမင်းဆိုသူကိုယ်တိုင် အမှတ် ၁၂ ရပ်ကွက်၊ ကြက်ခတ်ကုန်း၊ အမှတ်၇ ရပ်ကွက် ရာမည၊ ရှောပြာစတဲ့ကျေးရွာနဲ့ ကျေးရွာအချို့က ပြည်သူစစ်အဖွဲ့ဝင်တွေနဲ့ ဇူလိုင်လနောက် ဆုံးပတ်အတွင်း တွေ့ဆုံပြီး လက်နက်တပ်ဆင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အခုလိုအကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့စစ်အဖွဲ့
မှာ အလုပ်အကိုင်မရှိ၊ ပုံမှန်ဝင်ငွေမရှိသူတွေဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ၊စစ်မှုထမ်းထမ်းဟောင်းတွေ နဲ့ အရံမီးသတ်အဖွဲ့ဝင်တွေ ပါဝင်ကြတယ်လို့ ဆိုပါတယ်။
“လက်နက်တွေ ထုတ်ပေးပြီးတာနဲ့ လိုအပ်ရင် လိုအပ်သလို စစ်တိုက်ရမယ်ပြောလို့ အိမ်ကမိန်းမတွေ စိတ်ပူကုန်တယ်။လက်ရှိ အခြေ အနေမှာတော့ ယူနီဖောင်းတောင် ထုတ်မပေးလို့ ရပ်ရွာထဲအပင်တွေခုတ်ပြီး ယူနီဖောင်းချုပ်ရတယ်” လို့ အရံမီးသတ်တပ်ဖွဲ့ဝင်ရဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူ့ကိုဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတပ်တွေ နဲ့ နေရာတိုင်းမှာရှိနေတဲ့ တော်လှန်ရေးအင်အားစု တွေရဲ့ တိုက်ခိုက်မှုကြောင့် အင်အားချိနဲ့လာလို့ အိမ်ကြက်ခြင်း အိုးမဲသုတ်ခွပ်ခိုင်းဖို့ လုပ်နေတာလို့ နိုင်ငံရေးနဲ့စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
ဧရာတီတိုင်းအတွင်း ကျန်မြို့နယ် တွေမှာလည်း အကြမ်းဖက်စစ်တပ်က ပုံမှန် အလုပ်အကိုင် မရှိကြတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ၊သွေးသောက်အဖွဲ့ဝင်တွေ၊ မဘသတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်အချို့ နဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေကို ပြည်သူစစ် အဖြစ်အသွင်ပြောင်းဖွဲ့ စည်းထားတယ်လို့ သိရပါတယ်။