ဂါနာနိုင်ငံမှာ အလွန်ကူးစက်မြန်ပြီး အီဘိုလာနဲ့ဆင်တူတဲ့ Marburg ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဂါနာမှာ ပြီးခဲ့တဲ့လကမှ ပထမဆုံး Marburg ရောဂါဖြစ်ပွားမှုကို စာရင်းသွင်းခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၃ ဦးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ Marburg ဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးဖြစ်ပွားမှုကို ပြီးခဲ့တဲ့နှစ်က ဂီနီနိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အနောက်အာဖရိကမှာတော့ ဒုတိယမြောက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးနဲ့ပတ်သတ်ပြီး အချက်အလက်တွေ ဖော်ပြထားတာ မတွေ့ရဘဲ ပြီးခဲ့တဲ့ သီတင်းပတ်က WHO ကနေ ထုတ်ပြန်ထားတဲ့ ရောဂါကူးစက်မှုအသစ် နှစ်ခုအနက်က တစ်ခုဖြစ်တယ်လို့ ဖော်ပြပါတယ်။
“ပြီးခဲ့တဲ့ အပတ်က နောက်ထပ် ဖြစ်ရပ်နှစ်ခုကို ကျွန်တော်ပြောခဲ့ပြီးပါပြီ၊ တစ်ယောက်က ရောဂါကူးစက်ခံရသူရဲ့ ဇနီးဖြစ်ပြီး နောက်တစ်ခုကတော့ ရောဂါကူးစက်ခံရသူရဲ့ကလေး ဖြစ်ပါတယ်၊ ကလေးကတော့ ကံမကောင်းစွာနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်၊ ဇနီးသည်ကတော့ ပြန်လည်ကောင်းမွန်လာခဲ့တယ်” လို့ WHOရဲ့ ဒေါက်တာ Ibrahima Soce Fall က ပြောကြားထားပါတယ်။
ဗိုင်းရပ်စ်ဟာ လင်းဆွဲတွေကနေတဆင့် လူတွေဆီကို ကူးစက်တာဖြစ်ပြီး ခန္ဓာကိုယ်အရည်ပြား ၊ မျက်နှာပြင်တွေနဲ့ ပစ္စည်းတွေ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်ပျံ့နှံ့နိုင်ကြောင်း WHO က ထုတ်ပြန်ထားပါတယ်။
ဂါနာတောင်ပိုင်း Ashanti ဒေသမှာ ပထမဆုံး ရောဂါဖြစ်ပွားမှု နှစ်ခုစလုံးမှာ ဝမ်းပျက်ဝမ်းလျှောတာ၊ ဖျားနာတာ၊ ပျို့အန်တာစတဲ့ လက္ခဏာတွေ ရှိခဲ့တယ်လို့ WHO ရဲ့ ပြောပြချက်အရ သိရပါတယ်။