မင်းသေ့
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၂ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့မှာ – မြန်မာ့အရေးအတွက် တရုတ် သဘောထား (၃) ချက်ကို ထုတ်ပြန်တာတွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ လန်ချန်း – မဲခေါင် အစည်းအဝေးကို တက်ရောက်ရင်း ပုဂံမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ၎င်းအစည်းအဝေးမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။
■ ပထမအချက်
ပထမအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည်။
တရုတ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မူဘောင်အတိုင်း နိုင်ငံရေးအရ သင့်မြတ်မှုကိုလုပ်ဖို့ တိုက်တွန်း တာတွေ့ရတယ်။ တရုတ်နဲ့ အာဆီယံအနေနဲ့လည်း ၂၀၀၈ အခြေခံဥပဒေကို rule of the game (ကစားပွဲစည်းမျဉ်း) အနေနဲ့ အခြေခံတည်ပြီး နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုကို လုပ်စေချင်တဲ့သဘောဟာ ထင်ရှားတယ်။ နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုကို လုပ်တဲ့အခါမှာ၊ စစ်တပ်နဲ့ မြန်မာနိုင်ငံရေးအင်အားစုတွေ အားလုံးဟာ “လူထု အကျိုးစီးပွား” ကို ကြည့်ဖို့၊ “လူထုမျက်နှာ” ကို ကြည့်ဖို့လိုတယ်လို့ ပြောတယ်။ အင်အားစုအားလုံးဟာ ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်ကြဖို့အပါအဝင် လက်တွေ့ကျကျ လုပ်ဖို့လည်းပြောတယ်။ အထူးသဖြင့် နှုန်းစံတွေ သိပ်ကဲလွန်းတဲ့ မြန်မာ့နိုင်ငံရေး ဓလေ့မှာ — အဖြေရဖို့အတွက် လက်တွေ့ကျဖို့ လိုတယ်ဆိုတဲ့ တရုတ်ရဲ့သဘောထားကို တွေ့ရတယ်။ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်တဲ့အခါမှာ — ကျိုးကြောင်းဆီလျှော်တဲ့ အပေးအယူတွေ လုပ်ဖို့သာ တရုတ်က လိုလားတယ်။ လက်ရှိမှာ မြန်မာပြည် ဒီမိုကရေစီ ရရေး မရရေးထက်၊ ‘တည်ငြိမ်အေးချမ်းရေး’ ကိုသာ ပိုအလိုရှိတယ်ဆိုတာ မြန်မာ့အရေးမှာ တရုတ်တို့ရဲ့ သဘောထားမှာ ထင်ရှားစွာ တွေ့ရတယ်။
■ ဒုတိယအချက်
ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ တိုက်တွန်းချက်မှာ — “တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက်” ဆိုတဲ့ စကားလုံးဟာ ထူးခြားတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အပေါ်မှာ တရုတ်ရဲ့ သဘောထားကို အထင်အရှားတွေ့ရတဲ့ ဖော်ပြချက်လို့ နားလည်နိုင်တယ်။ တရုတ်အနေနဲ့ မြန်မာစစ်အုပ်စုအပေါ်မှာ ခြေစုံရပ် ထောက်ခံနေတာ မဟုတ်ဘူးဆိုတာ ပေါ်လွင်ထင်ရှားတယ်။ တရုတ်အနေနဲ့ မြန်မာပြည်ကို အာဏာသိမ်းမှုမတိုင်ခင်က အခြေအနေမျိုးကို လိုလားနှစ်သက်ဟန်တူတယ်။ လူထုဆန္ဒနဲ့ ဖီလာကန့်လန့်ဖြစ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်ဟာ နားချဖျောင်းဖျဟန်တူတယ်။ ဒီနေရာမှာတော့ — မြန်မာစစ်ခေါင်းဆောင်တွေ အလိုရှိတဲ့ “မြန်မာ့နည်းမြန်မာဟန်” ဆိုတာကို တရုတ်က ထောက်ခံတာတွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဟာ မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ မြန်မာ့ဝိသေသလက္ခဏာဆောင်တဲ့ တိုးတက်ရေးပဲ ဖြစ်သင့်တယ် ဆိုတာမျိုး တွေ့ရတယ်။ တရုတ်အနေနဲ့ တရုတ်ဝိသေသလက္ခဏာဆောင်တဲ့ ဆိုရှယ်လစ်ဝါဒဆိုတာကို တရုတ်ကွန်မြူနစ်ပါတီအစိုးရက လက်ကိုင်ထားတာကို မမေ့သင့်။
■ တတိယအချက်
တတိယအချက်မှာ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”(five-point consensus)ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်သည်။
အာဆီယံ ပဋိညာဉ်မှာ ပါဝင်တဲ့ “ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ” ကို တရုတ်က မြဲမြဲဆုပ်ကိုင်ထားစေချင်ဟန်တူတယ်။ ဒါ့ကြောင့်လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကို တရုတ်က “non-interference principle” ကို မြဲမြဲကိုင်ထားဖို့ တိုက်တွန်းခဲ့ဟန်တူတယ်။ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေရဲ့ ရင်ခွင်ထဲ ရောက်ရှိမသွားရေးဟာ တရုတ်ရဲ့ အဓိက လိုလားချက်ဖြစ်တယ်။ တရုတ်ရဲ့ လိုလားချက်ကို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက သိတယ်လို့ ယူဆနိုင်တယ်။ ဒါ့ကြောင့် တရုတ်အလိုမရှိတဲ့ လက်နက်ထောက်ပံ့ရေးကို မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုတွေအပေါ်မှာ နိုင်ငံတကာက လုပ်မှာမဟုတ်ပါဘူး။ တရုတ်အနေနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ အဆုံးသတ်အပြုတ်တိုက်လမ်းစဉ်ကို မလုပ်ကြဖို့နဲ့ ပေါင်းစပ်ညှိနှိုင်းရေးကိုသာ စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ကြဖို့ လိုလိုလားလား ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ မြန်မာပြည်အရေးကို အနောက်နိုင်ငံကြီးတွေက တိုက်ရိုက်ပါဝင်ပတ်သတ်တာမျိုးကို တရုတ်က အလိုရှိဟန် မတူ။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံအချင်းချင်းသာ အုပ်စုအားနဲ့ စားပွဲဝိုင်းနိုင်ငံရေးလမ်းကြောင်းပေါ် ဝိုင်းတင်ကြဖို့ အလိုရှိတယ်ဆိုတာ တွေ့ရတယ်။
ဒါဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ သဘောထား အနက်ပြန်ချက်ဖြစ်ပါတယ်။