စစ်အုပ်စုအပေါ် ထိရောက်မှုမရှိတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေကိုရပ်ကြဖို့ အရပ်ဖက် ၁၄ ဖွဲ့ တောင်းဆို

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုအပေါ် ထိရောက်မှုမရှိတဲ့ သတိပေးလုပ်ဆောင် ချက်တွေကို ရပ်တန့်ချိန်ရောက်ပြီဖြစ်ကြောင်း မြန်မာအရပ်ဖက်အဖွဲ့ ၁၄ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ (ဇွန် ၂၆ ရက်) ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ် ပူးတွဲထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုကို တစ်နည်းတဖုံ တရားဝင်မှုဖြစ်စေနိုင်တဲ့ ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးမှု သို့မဟုတ် ပါဝင် ဆောင်ရွက်မှုတွေကို ငြင်းပယ်ဖို့၊ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဖို့၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းစုတွေနဲ့အခြားသော စစ်အုပ်စုကို လိုလားတဲ့ စီးပွားရေးလုပ်ငန်း အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားတဲ့ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုတွေကို အဆုံးသတ်နိုင်စေဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) လိုမျိုး တာဝန်ခံမှုဆိုင်ရာ ယန္တရား တွေကို ကူညီပံ့ပိုးဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) လွှဲပြောင်းနိုင်ရေး ပြုလုပ်ဖို့ကိုလည်း အရပ်ဖက်၁၄ဖွဲ့က အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး စစ်အုပ်စုလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားကျဆုံးမှု၂၀၂၁ ဦး ရှိပြီဖြစ်သလို ဒီနေ့အထိ စစ်အုပ်စု စစ်ကြောရေးနဲ့ အကျဉ်းထောင်ထဲ ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ စစ်အာဏာလုမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ၉၅ ဦးရှိပြီဖြစ်ပါတယ်။
စစ်အုပ်စုဟာနိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ဖို့ မူဝါဒချမှတ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ လူမဆန်တဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်နေပေမဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေပြီး အရေးယူမှုခံရခြင်း မရှိတဲ့ အတွက် ဆိုးရွားရက်စက်တဲ့ နှိပ်စက်မှုတွေကို ခေတ်အဆက်ဆက် ကျင့်သုံးနေမှုအပေါ် အရပ်ဖက်လူမှု အဖွဲ့တွေက လူအများသိလာစေအောင် လုပ်ဆောင်နေကြောင်း စစ်အုပ်စုရဲ့စနစ်တကျရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခေတ်အဆက်ဆက် အပြစ်ပေးခံရခြင်းမရှိဘဲ တာဝန်ယူမှုကင်းမဲ့စွာ ကျူးလွန်နေခွင့်ရနေတာကြောင့် စစ်အုပ်စုအနေနဲ့ အတင့်ရဲလာပြီး အခုလို ဒီမိုကရေစီလုပ်ငန်းစဉ်ကို ချိုးဖောက်ကာ ပြည်သူ တွေအပေါ် အဆုံးစွန်ဆုံး ဆိုးဝါးရက်စက်တဲ့ အပြုအမူတွေ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။