မြန်မာ့အကျပ်အတည်းကိုတုံ့ပြန်ဖို့ လာမယ့်၃နှစ်အတွင်းဒေါ်လာသန်း၂၉၀နီးပါး ကနေဒါကူမယ်

Photo- Reuters
ရိုဟင်ဂျာအရေးနဲ့ မြန်မာနိုင်ငံရဲ့ အကျပ် အတည်းတွေကို တုံ့ပြန်တဲ့အနေနဲ့ လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၂၈၈.၃ ကျော် ကူညီပေးသွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ၂၀ရက်နေ့၊ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး Harjit S. Sajjan တို့ကမြန်မာ့အကျပ်အတည်းကို ကူညီပေးမယ့် ဗျူဟာသစ် ကို ကြေညာခဲ့ကြောင်း VOA ကဖော်ပြပါတယ်။
မြန်မာ့ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းရာမှာ အာဆီယံ၊ ကုလသမဂ္ဂ နဲ့ တခြား နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်သလို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ကနေဒါ အထူးသံတမန်တဦး ခန့်အပ်သွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ပြောပါတယ်။
အခု အစီအစဉ်သစ် ကနေတဆင့် ဖွံဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စီမံချက်သစ် ၁၆ ခု အတွက် ရန်ပုံငွေတွေ ရရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေ အပါအဝင် မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေနဲ့ တခြား ထိခိုက်ခံစားရ သူတွေရဲ့ လတ်တလော အရေးပေါ် အကျပ်အတည်းတွေကို တုံ့ပြန်ရာမှာ ကာလတို၊ ကာလလတ်နဲ့ ကာလရှည် လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့အတွက်ပါ အခု အစီအစဉ်က ပံ့ပိုးကူညီနိုင်မှာ ဖြစ်တယ်လို့ ကနေဒါအစိုးရ က ကြေညာပါတယ်။