ငရုတ်ကောင်းကမ်းခြေမြို့အနီး စမ်းချောင်းဖျားတွင် တိုက်ပွဲဖြစ်

ဧရာဝတီတိုင်း ၊ ငပုတောမြို့ နယ် ၊ ငရုတ်ကောင်းကမ်းခြေမြို့အနီးရှိ စမ်းချောင်းအဖျားပိုင်းနဲ့ ဆင်ငံရွာ အကြား ကညင်တောင်မှာ ဇွန်လ ၁၃ ရက်နေ့က တိုက်ပွဲ​ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ မနေ့က မနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်ကြတာလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“အပြန်အလှန် တစ်ဒိုင်းဒိုင်းနဲ့ ပစ်နေကြတာ ၁ နာရီလောက်ရှိမယ် မြို့ထဲကလူတွေလန့်ကုန်ကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနက် ၁၁ နာရီ လောက်မှာ အကြမ်းဖက်စစ်တပ်ဟာ စမ်းချောင်းအဖျားပိုင်းဘက်က​နေ ပြန်ဆုတ်လာပြီး ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦးကို ဖမ်းလာတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံ အချို့က ပြောပါတယ်။
စစ်တပ်က ဖမ်းမိထား တဲ့ PDF တစ်ဦးကို လမ်းပြခိုင်းပြီးတော့ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့ရှိတဲ့ ကညင်တောင်စခန်းကို တိုက်ခိုက်တာဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့ဆီက သိရပါတယ်။
“PDF တစ်ဦး သေပြီး တစ်ဦး အရှင်ဖမ်းမိတယ်။ သေနတ်တစ်လက်ရတယ်လို့ ပျူတွေကပြောနေတယ်”လို့ ငရုတ်ကောင်း ဒေသခံတစ်ဦးက သူသိထားသမျှကို ပြန်ပြောပြပါတယ်။
သေဆုံးသူဟာ စမ်းချောင်းအနီး နေထိုင်တဲ့ ဒေသခံ သာမန်တောင်သူတစ်ဦးဖြစ်ပြီး အဖမ်းခံရတဲ့ ကရင်တိုင်းရင်းသားကတော့ ဒေသခံ မဟုတ်ဘူး ။ ဒါ့အပြင် ငရုတ်ကောင်းမြို့ထဲက အမျိုးသမီး ၅ဦးကိုလည်း စစ်တပ်ကဖမ်းသွားတယ်လို့ သူကဆက်ပြော ပါတယ်။
ဧရာဝတီတော်လှန်ရေးအင်အားစုရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲဖြစ်တာ မှန်ကန်ပြီး သူတို့ဘက်က ကျဆုံးတာမရှိဘူး ရန်သူဘက်က ၂ဦး ထိမှန်သွားတာ တွေ့ရပြီး ၊ စစ်တပ်က စခန်းကို မစီးနိုင်ပဲ လက်နက်ကြီးနဲ့ လှမ်းပစ်​ပြီး ပြန်ဆုတ်သွားတယ် လို့ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၄ရက်နေ့ ညနေပိုင်းအထိ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်တပ်၊ ရဲ၊ ပျူစောထီးအဖွဲ့ တွေပါဝင်တဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်ဟာ အချို့က ငရုတ် ကောင်းမြို့မှာ ၊ စခန်းချထားပြီး အချို့ကို စမ်းချောင်းမှာ စခန်းချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။