၂ရက်တာကန့်ဘလူတိုက်ပွဲ အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်များနိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ၂ရက်တာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်များ နိုင်တယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ် ၊ကိုးတောင်ဘို့ဒေသ၊အလယ်ခုံရွာအနီးမှာ ဇွန်လ၈ရက်နေ့က အကြမ်းဖက်စစ်ကြောင်းကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို ကူညီဖို့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်တပ်နဲ့ပျူစောထီးတွေကို ဇွန်၉ရက်နေ့မနက် ၈နာရီလောက်မှာတပ်ကုန်းရွာအနီး ဒေသတွင်းမဟာမိတ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ၂ဦးသေဆုံးပြီး ၄ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန်လ၉ရက်နေ့၊နေ့ခင်း ၁၂နာရီခွဲလောက်မှာ လည်း ကျွန်းလှကနေချပ်သင်းဘက် စစ်ကူထွက်လာတဲ့ စစ်ကား၆စီးကို မဟာမိတ်တပ်ပေါင်းစုတွေက စောင့်ကြိုတိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်သားတွေ သေဆုံး၊ဒဏ်ရာရများပြားနိုင်သလို တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
ဇွန်၉ရက်နေ့၊နေ့ခင်းပိုင်းမှာ ပင်ကန့်ဘလူမြို့နယ်မြောက်ခြမ်းဒေသရှိရွာတွေကို နေ့စဉ်မီးပတ်ရှို့နေတဲ့စစ်တပ်ဟာ ချပ်သင်းဒေသရှိအောက်တဲရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီးနဲ့ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်က ဒေသခံ နှစ်သောင်းကျော် စစ်ဘေးသင့်နေပြီးဆေးဝါးရိက္ခာအကူအညီအလုံးစုံလိုအပ်နေတယ်လို့ ဆိုပါတယ်။