ကားအင်ဂျင်သံတွေ ဆူညံပြီး ဖုန်တထောင်းထောင်းထနေတဲ့ သဲကန္တာရအစပ်၊ အာဖဂန်နစ္စတန်ရဲ့ အစွန်အဖျားမြို့ကလေးတစ်ခုကနေ ဆတ္တားအမီရီတစ်ယောက် သူ့ဇနီးနဲ့ မွေးကင်းစ ကလေးငယ်လေးနဲ့အတူ ထရပ်ကားလေးတစ်စင်းပေါ် တက်လိုက်ကြပါတယ်။
သူနဲ့ဘဝတူ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ရည်ရွယ်ရာကတော့ အီရန်နိုင်ငံကို သွားဖို့ပါပဲ။ “”ကျွန်တော့်မှာ ရွေးချယ်စရာမှမရှိတာ၊ အာဖဂန်နစ္စတန်မှာ အနာဂတ် မရှိတော့ဘူးလေ”” လို့ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဆတ္တားက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနောက်တောင်ဘက်က ဇာရန်ဂျ်မြို့ကလေးက လူမှောင်ခိုသမားတွေရဲ့ အဆိုအရ တစ်နေ့ကို လူငါးထောင်၊ ခြောက်ထောင်လောက် သွားလာမှုရှိနေကြောင်း ပြောကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ တာလီဘန်တွေလက်အောက် ပြန်မရောက်ခင်က သွားလာကြတဲ့ ပမာဏထက် လေးဆတိုးလာတာပါ။
ညဘက်တွေမှာဆိုရင် ဒီလို ရွှေ့ပြောင်းအခြေချသူတွေဟာ နယ်ခြားစောင့်တပ်တွေက သေနတ်နဲ့လှမ်းပစ်တာ ခံရနိုင်တဲ့ကြားက အီရန်နိုင်ငံဘက်က ခြောက်ကပ်ကပ်မြို့လေးကို ရောက်အောင် တံတိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့ အရဲစွန့်ကြရပါတယ်။ နောက်တစ်နည်းလမ်းကတော့ နေထွက်ပြီဆိုတာနဲ့ ထောင်နဲ့ချီတဲ့ အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ်တွေဟာ ပါကစ္စတန်နိုင်ငံဘက်ရောက်ဖို့ တောတောင်ကန္တာရအထပ်ထပ်ကို လမ်းကြမ်းစီးကားတွေနဲ့ ခရီးရှည်ဖြတ်သန်းနေကြပါတယ်။
လွန်ခဲ့တဲ့ခြောက်လ တာလီဘန်တွေ အာဏာသိမ်းလိုက်ကတည်းက အာဖဂန်နစ္စတန်မှာ အကျပ်ဆိုက်ခဲ့ရတဲ့ စီးပွားရေးအခြေအနေက ဆယ်စုနှစ်တွေချီကြာခဲ့တဲ့ စစ်ပွဲကြောင့် လူတန်းစေ့ မနေနိုင်ကြတဲ့ အခြေအနေတွေက ပိုဆိုးသွားခဲ့တယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက တပ်တွေ နောက်ဆုံးရုတ်သိမ်းသွားတဲ့အချိန်ထိ မကင်းရာမကင်းကြောင်း လုပ်ကိုင်ဖူးသူတွေဟာလည်း တာလီဘန်တွေ ပစ်မှတ်ထားလာမှာကို ကြောက်ရွံ့နေကြတယ်။
ဆတ္တားကလည်း လွန်ခဲ့တဲ့ ခြောက်လက ပြိုကွဲသွားတဲ့ အာဖဂန်နစ္စတန်စစ်တပ်မှာ စက်ပြင်လုပ်ခဲ့ဖူးသူဖြစ်လို့ အဲဒီနောက်ပိုင်းမှာ ဒေါ်လာ ၁၀ နဲ့ညီမျှတဲ့ (နိုင်ငံသုံးငွေကြေး) အာဖဂန်နီ တစ်ထောင်ရဖို့တောင် အတော်ခက်သွားပြီလို့ ဆိုပါတယ်။ သူဟာ စိတ်ပျက်လက်ပျက်နဲ့ အလုပ်တစ်ခုရလိုရငြား အီရန်နိုင်ငံကို မိသားစုလိုက် ပြောင်းရွှေ့ကြဖို့ သူ့အိမ်ကို ရောင်းခဲ့ရတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လကနေ ဒီဇင်ဘာလအတွင်း အာဖဂန်နိုင်ငံသားတစ်သန်းနီးပါးဟာ သူတို့အိုးအိမ်ကို စွန့်ခွာပြီး ပြောင်းရွှေ့နေကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။ ဒီလို ရေကြည်ရာ မြက်နုရာ ရှာဖွေပြောင်းရွှေ့မှုတွေကြောင့် ဇာရန့်ဂျ်မြို့လေးဟာလည်း လူမှောင်ခိုသမားတွေရဲ့ သားရဲတွင်းကြီး ဖြစ်လာပါတယ်။
– ‘ကျွန်တော့်ကို တကယ်သတ်ကြတော့မှာ’ –
ဇာရန့်ဂျ်မြို့ အစွန့်ပစ်ခံ ဟိုတယ်တွေထဲက ကောဇောကြီးတွေပေါ်မှာ အိပ်စက်စောင့်စားရင်း ကိုယ်သွားရမယ့်အလှည့်ကို စောင့်နေကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ မျက်နှာမှာတော့ စိတ်ပျက်အားငယ်မှုတွေနဲ့ အကြောက်တရားတွေ ထွင်းထုထားသလို အထင်းသားပေါ်လွင်နေတယ်။
အရင်က ရဲဝန်ထမ်းဖြစ်ခဲ့တဲ့ မိုဟာမက်ဟာ တာဝန်ကျစဉ်တုန်းက ကိုင်ရတဲ့ သေနတ်ပြန်အပ်ဖို့ တာလီဘန်တွေ နှစ်ခါလောက် ရိုက်ပုတ်ထုထောင်းခံရပြီးနောက်မှာ အီရန်ကိုပြောင်းဖို့ ကြိုးစားခဲ့တာပါ။ “”သူတို့သာ တတိယတစ်ခေါက် ထပ်လာရင် ကျွန်တော့်ကို တကယ် သတ်ကြတော့မှာ”” လို့ ဒိုင်ကွန်ဒီခရိုင်က အသက် ၂၅ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။ သူက အမည်အပြည့်အစုံ မပြောပါရစေနဲ့လို့ ငြင်းခဲ့ပါတယ်။
ဒီလို တာလီဘန်တွေရဲ့ လက်စားချေ နှိပ်စက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကို ယုံကြည်ရလောက်တဲ့ သတင်းမျိုးသိပ်မတွေ့ရပေမယ့် အရင်အစိုးရနဲ့ အဆက်အသွယ်ရှိခဲ့ဖူးသူ၊ အထူးသဖြင့် လုံခြုံရေးအရာရှိတွေ ၁၀၀ မက အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြို့တော်ကြီးက လူမှောင်ခိုသမားတွေအတွက်ကတော့ နွေဦးပေါက်လို့ ပွင့်လင်းရာသီရောက်လာရင် ဒီထက်ပိုပြီး လူတွေရောက်လာပြီး ငွေဝင်ဖြောင့်တော့မှာမို့ လက်ဖဝါးတွေ ယားနေကြပါတယ်။ကန္တာရကို ဖြတ်မောင်းပို့ပေးရမယ့် လမ်းကြမ်းစီး လေးဘီးယက် ပစ်ကပ်ကားလေးရဲ့နောက်မှာ ဟာမီဒူလာက ရွှေ့ပြောင်းအခြေချမယ့်သူတွေကို ကားခ နှစ်ဆတိုးတောင်းနေပါတယ်။
“အရင်တုန်းကတော့ ကျွန်တော်တို့ (အီရန်ငွေကြေး) တိုမန် သုံးသန်း (ဒေါ်လာ ၁၂၀ ခန့်) ယူပါတယ်။ အခုတော့ ခြောက်သန်းဖြစ်သွားပြီ” လို့ အသက် ၂၂ နှစ်အရွယ် ဟာမီဒူလာက ပြောပါတယ်။ သူက ဒီအလုပ်ဆက်လုပ်လို့ရအောင် တာလီဘန်တွေကိုလည်း လိုင်းကြေးပေးရဦးမှာပါ။
နေ့စဉ်တိုင်းမှာ ရာနဲ့ချီတဲ့ ကားဆရာတွေက ဇာရန့်ဂျ်ကားဝင်းထဲမှာ ကားတွေကိုထိုးရပ်ကြပြီး အမျိုးသားတွေဆိုရင် နောက်ပွင့်ကားတွေပေါ်တင်၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ အမိုးလုံ ကားတွေပေါ် တက်ခိုင်းကြတယ်။ တာလီဘန်တွေရဲ့ မျက်စေ့အောက်မှာပဲ အဲသလို ရွှေ့ပြောင်းသွားလာမယ့်သူတွေ ကားပေါ်မှာပြည့်ပြီဆိုရင် ကားတစ်စီးကို အာဖဂန်နီ တစ်ထောင် (ဆယ်ဒေါ်လာ)နှုန်းနဲ့ တာလီဘန်တွေကို ပေးရပြီး သူတို့က တရားဝင် ငွေရရှိကြောင်း ပြေစာတွေတောင် ထုတ်ပေးလိုက်ကြသေးတယ်။
ပြီးခဲ့တဲ့လက တစ်ရက်တည်းအတွင်းမှာ ကားအစီး ၃၀၀ သွားကြပြီး၊ တစ်စီးကို လူ ၂၀ နှုန်းနဲ့ဆိုတော့ တစ်ရက်ကို လူ ၆,၀၀၀ ရွှေ့ပြောင်းနေတာဖြစ်တယ်လို့ AFP သတင်းဌာနက ဆိုပါတယ်။ ဒါပေမယ့် တာလီဘန်တွေကတော့ လူတွေဒီလောက်များများ စွန့်ခွာထွက်ပြေးနေတာကို ငြင်းပြီး အဲသလို သတင်းတွေက ဝါဒဖြန့်ချိရေးတွေလို့ ဆိုပါတယ်။
“နယ်စပ်ကိုဖြတ်ပြီး တစ်နေ့ကို အာဖဂန်ပြည်သူ ၆,၀၀၀ လောက် စွန့်ခွာပြေးနေတယ်ဆိုတာ ဝါဒဖြန့်တာတွေပါ” လို့ အာဖဂန်နစ္စတန် ဒုက္ခသည်ဆိုင်ရာနဲ့ လူဝင်မှုဌာန တွဲဖက်ဝန်ကြီး မိုဟာမက် အာဆာလာ ခါရုတီက ဆိုပါတယ်။ “ဒီလောက်များတဲ့ အာဖဂန်ပြည်သူတွေဟာ စွန့်ခွာထွက်ပြေးသွားတာ မဟုတ်ဘူး။ ပြီးတော့ ဒီကိန်းဂဏန်း အရေအတွက်တွေကို ဘယ်သူမှလည်း သက်သေမပြနိုင်ဘူး” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက ဖြေခဲ့ပါတယ်။
ဒါပေမယ့် ခနော်နီခနော်နဲ့ ကားတွေနဲ့ တစ်နာရီကို ၁၂၀ ကီလိုနှုန်း (၇၅ မိုင်နှုန်း) လောက်မောင်းသွားတဲ့ ကားတန်းရှည်ကြီးကို AFP သတင်းဌာနကတော့ နာရီနဲ့ချီတဲ့ ရုပ်သံမှတ်တမ်း ရယူနိုင်ခဲ့ပါတယ်။
သူတို့တွေ ပါကစ္စတန်နယ်စပ်ကိုရောက်တဲ့အခါ လူမှောင်ခိုသမားတွေက ပါကစ္စတန်ဘက်က လူမှောင်ခိုတွေလက်ထဲ အပ်လိုက်တဲ့နောက်တော့ အီရန်နယ်စပ်ထိရောက်အောင် ခြေလျှင်ခရီးကြမ်းကြီး စတင်ပါတော့တယ်။
မိုင်ဟန်ရီဇာယိအတွက်ကတော့ ဒီလိုခရီးရှည်မျိုးကို တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။
လူနည်းစု ရှီဟိုက် ဟာဇရာမျိုးနွယ်ဝင်ဖြစ်ပြီး အသက် ၂၀ ပဲရှိသေးတဲ့ ဒီဇိုင်းကျောင်းသား မိုင်ဟန်ရီဇာယိဟာ စွန္နီ အစွန်းရောက်အုပ်စုတစ်ခုဖြစ်တဲ့ ဂျွန်ဒလာအဖွဲ့က ဖိုက်တာတွေအတွက်တော့ သိပ်အပင်ပန်းခံစရာမလိုတဲ့ သားကောင်တစ်ကောင် ဖြစ်သွားနိုင်သူပါ။ “အရင်က သူတို့က လူတွေကို ခေါင်းဖြတ်သတ်တာ။ ခုကျတော့ လူတွေကို ဖမ်းထားပြီး ပြန်ပေးဆွဲသလို ငွေတောင်းတာ” လို့သူက ပြောပါတယ်။
ဒါကြောင့်ပဲ ရီဇာယိနဲ့ သူ့သူငယ်ချင်းတစ်စုဟာ ဇာရန့်ဂျ်ကနေ မျက်စေ့တဆုံး ရှည်လည်းတဲ့ နယ်စပ်တံတိုင်းကို ဖြတ်ကျော်ဖို့ ရည်ရွယ်ချက်ထားခဲ့ကြတယ်။
– မမြင်ချင်ယောင်ဆောင်နေ –
နယ်စပ်တံတိုင်းဟာ ၁၆ ပေမြင့်ပြီး အပေါ်မှာလည်း သံဆူးကြိုးတွေ ကာထားသေးတဲ့အပြင် လက်နက်ကိုင် အစောင့်တွေကိုလည်း ကင်းစောင့်မျှော်စင်တွေနဲ့ တစ်ပိုင်းစီ တာဝန်ချထားတဲ့နေရာပါ။
လူမှောင်ခိုသမားတွေက ညပိုင်းမှာ တံတိုင်းကြီးကို ကျော်ဖြတ်သွားဖို့ ကင်းစောင့်တွေကို မမြင်ချင်ယောင်ဆောင်နေအောင် လာဘ်ပေးထားပုံရပြီး အကောင်းဆုံးနေရာတွေကိုလည်း သိကြပါတယ်။ “လူမှောင်ခိုတွေ ကျွန်တော်တို့ကို လိမ်သွားတယ်” လို့ အကြိမ်ကြိမ်ကြိုးစားဖူးတဲ့ မိုင်ဟန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ လူ ၇၀ ကနေ ၈၀ လောက်အထိ အီရန်ကင်းသမားတွေရဲ့ ကျည်ဆံကြောင့် သေခဲ့တာရှိတယ်လို့ အမည်မဖော်လိုတဲ့ တာလီဘန်ကင်းသမားအများအပြားက ပြောကြပါတယ်။ တကယ်လို့ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ရင်တောင် ဝမ်းသာလုံးဆို့ရမယ့်အချိန်က သိပ်မရှည်လှပါဘူး။
၂၀၂၀ ပြည့်နှစ်အတွင်းမှာ အီရန်နိုင်ငံက ဒုက္ခသည်တွေနဲ့ တရားမဝင် ရွှေ့ပြောင်းလာသူတွေ အပါအဝင် အာဖဂန်ပြည်သူ ၃ ဒသမ ၄ သန်းကို လက်ခံခဲ့ရပေမယ့် တစ်နေ့ နှစ်ထောင်နှုန်းနဲ့ ပြန်နှင်ထုတ်နေတယ်လို့ မကြာသေခင်က တာလီဘန်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါတောင်မှ ဆဒတ်ကာတယ်နဲ့ ဝါဟစ်အာမက်တို့က သူတို့ရဲ့ သားသမီး လေးယောက်နဲ့အတူ ရွှေ့ပြောင်းအခြေချနိုင်ဖို့ ဇာရန့်ဂျ်ဟိုတယ်ထဲက အခန်းတစ်ခုမှာ တိုင်ပင်နေကြပါတယ်။ ဇန်နဝါရီလတုန်းက ဝါဟစ်ရဲ့ အစ်ကိုက နယ်စပ်အုတ်တံတိုင်းကို ကျော်ပြေးဖို့ ကြိုးစားတဲ့ လူ ၈၀ ထဲက ငါးယောက်မပြည့်တဲ့ အောင်မြင်သူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး အီရန်ကနေ ဖုန်းလှမ်းဆက်ပါတယ်။
“လူတွေအများကြီး သေကုန်ကြတာလို့ သူလှမ်းပြောတယ်”လို့ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဝါဟစ်က ဆို့ဆို့နင့်နင့် ပြောပါတယ်။
“ဒီလိုဖြစ်လာရတာတွေက ငတ်ကုန်ကြလို့ပေါ့။ တကယ်လို့သာ မျှော်လင့်ချက် ရှိနေသေးရင် ဘာအကြောင်းနဲ့မှ နိုင်ငံကို စွန့်ခွာသွားစရာ မရှိပါဘူး” တဲ့။