
အပြည်ပြည်ဆိုင်ရာ တရားမျှတမှုခုံရုံး (ICJ) မှာ မတ်လ ၇ ရက်နေ့က ရုရှားရဲ့ ကျူးကျော်မှုတွေကို ရပ်တန့်စေဖို့ အရေးပေါ် အမိန့်ချပေးဖို့ ယူကရိန်းက စွဲချက်တင်မှုကို ကြားနာခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ယူကရိန်းရဲ့ အရှေ့ပိုင်းတွေမှာနေထိုင်ကြတဲ့ လူတွေကို အနိုင်ကျင့်နှိပ်စက်နေတာ၊ မျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်နေတာတွေကို တားဆီးဖို့အတွက် စစ်ရေးအရ အထူးအရေးယူမှု လုပ်ခဲ့တာပါလို့ ပြောဆိုမှုရှိခဲ့ပါတယ်။
ယူကရိန်းဘက်က ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ဆင်ခြေက လူသားမျိုးနွယ် မျိုးသုဉ်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဥပဒေကို အလွဲလွဲအချော်ချော် အဓိပ္ပါယ်ကောက်ယူထားတာသာ ဖြစ်ပြီး ဘယ်လိုအခြေအနေမှာမှ ကျူးကျော်မှုတစ်ခုဟာ ဆီလျော်လက်ခံဖွယ်ရှိတယ်လို့ ဥပဒေအရ သက်သေမပြနိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဟာ ၁၉၄၈ ခုနှစ် ပဋိညာဉ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေဖြစ်တဲ့အတွက် ခုံရုံးဆုံးဖြတ်ချက်ကို လိုက်နာကြဖို့ ဥပဒေအရ စည်းနှောင်မှုရှိပါတယ်။
ICJ အနေနဲ့ ရက်အနည်းငယ်အတွင်း အခြေအနေတွေ ပိုမဆိုးသွားစေဖို့ ယာယီလိုက်နာရမယ့် အစီအမံတွေ (provisional measures) ကို အမိန့်ချပေးနိုင်ပြီး ၂၀၁၄ ခုနှစ် ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းပိုက်ခဲ့စဉ်ကလည်း အလားတူ အမိန့်ချခဲ့တာ ရှိပါတယ်။ ယူကရိန်းရဲ့ စွဲချက်အဆိုတွေကို မတ်လ ၈ ရက်နေ့မှာ ရုရှားဘက်က ပြန်လည်ချေဖျက်လျှောက်လဲရမှာ ဖြစ်ပါတယ်။