ဥရောပသမဂ္ဂက ယူကရိန်း စစ်ဘေးရှောင်တွေကို အကာကွယ်ပေးမယ်လို့ ကြေညာ

Photo – AP
ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ ရုရှားကျူးကျော်မှုကြောင့် ထွက်ပြေးလာရသူတွေအတွက် ယာယီအကာအကွယ်တွေ ပေးအပ်နိုင်ဖို့ တစ်ဆင့်မြှင့်လုပ်ဆောင်သွားမယ်လို့ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။
ဥရောပသမဂ္ဂကော်မရှင်က မတ်လ ၂ ရက်နေ့ ကြေညာချက်မှာ ယူကရိန်း စစ်ဘေးရှောင် ရွှေ့ပြောင်းလာသူတွေအတွက် ယာယီနေထိုင်မှု ခွင့်ပြုချက်တွေနဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံအတွင်း ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးတွေ ပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေက အတည်ပြုပေးဖို့လိုပေမယ့် ဆုံးဖြတ်ချက် မထွက်ပေါ်ခင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးမှုတွေ ရှိနေခဲ့တာပါ။
“ပူတင့်ဗုံးတွေကို ရှောင်လာရသူတွေအားလုံးကို ဥရောပက ကြိုဆိုပါတယ်။ အရိပ်ခိုဖို့ရှာသူတိုင်းကို အကာကွယ်ပေးမှာပါ။ ပြီးတော့ အိမ်ပြန်ခရီးလုံခြုံမှုရှိတဲ့ထိ ကူညီသွားမှာပါ” လို့ ကော်မရှင်ဥက္ကဋ္ဌက ဆိုပါတယ်။ မတ်လ ၁ ရက်နေ့ကလည်း ယူကရိန်းစစ်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေကို ဖြေရှင်းဖို့ ယူရိုငွေ သန်းငါးရာ အနည်းဆုံးရည်ရွယ်ထားကြောင်း သူက ပြောခဲ့ပါတယ်။