၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်အုပ်စုရဲ့ နေပြည်တော်အထူးတရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၁၇ရက်နေ့ ရုံးထုတ်မှာ ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီဇင်ဘာလ ၆ရက်နေ့က စစ်အုပ်စုရဲ့ တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဆူမှုအောင်လှုံဆော်မှုတွေ ကိုဗစ်တားမြစ်ချက်တွေကို ချိုးဖောက်တယ်ဆိုကာ မတရားစွပ်စွဲထားတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၄နှစ်ချမှတ်ပြီးနောက် အခုပထမဆုံး ရုံးထုတ်မှာ ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံဖြစ်တဲ့ အင်္ကျီအဖြူရောင်နဲ့ လုံခြည်အညိုရောင် ဝတ်ဆင်စေကာ ရုံးထုတ်ခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်ကိုလည်း ထောင်ဝတ်စုံနဲ့ပဲ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးအသိုင်းဝန်းက ဆိုပါတယ်။
ထောင်ဝတ်စုံတွေကိုတော့ အကျဉ်းထောင်အာဏာပိုင်တွေက ပေးပို့ဝတ်ဆင်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ်ချမှတ်အပြီးမှာ လက်ရှိ နေရပ်မသိတဲ့ နေအိမ်မှာပဲ ဆက်လက်ထားရှိပြီး ဘယ်အကျဉ်းထောင်ကိုမှ ပို့ဆောင်မှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးထုတ်မှာ အေးဆေးတည်ငြိမ်စွာပဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။