၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။
ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမားအများစုဟာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို အလိုရှိနေပြီး လက်ရှိနည်းပြ ပိုချက်တီနိုရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့ မျှော်လင့်နေကြပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာလည်း အင်္ဂလန်ပရီးမီးယားလိဂ်ဘက်က မန်ယူအသင်းရဲ့ လစ်လပ် နည်းပြနေရာကို စိတ်ဝင်စားမှုရှိနေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ကလပ်အသင်းနှစ်သင်းနဲ့ ဒီနည်းပြနှစ်ဦးအကြားက အပြောင်းအလဲကို စိတ်ဝင်စားစရာ အကြောင်းအရာတစ်ရပ်အဖြစ် ဗြိတိန်သတင်းဌာနက ဖော်ပြလာခဲ့တာပါ။
ပြင်သစ်မြေမှာ မပျော်မရွှင်ဖြစ်နေတဲ့ နည်းပြပိုချက်တီနိုဟာ အနာဂတ်မန်ယူနည်းပြစာရင်းမှာ ပါဝင်နေသူဖြစ်ပါတယ်။
ဒါ့အပြင် နည်းပြဇီဒန်းကိုယ်တိုင် မန်ယူနည်းပြစာရင်းမှာ ပါဝင်နေခဲ့ပေမယ့် ဒီပြင်သစ်လူမျိုးနည်းပြဟာ မန်ချက်စတာမြို့ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်မှု ပြုလုပ်ခဲ့တာပါ။
ဒါကြောင့် လက်ရှိအခြေအနေတွေကို သုံးသပ်ပြီး Daily Mail သတင်းဌာနကတော့ နည်းပြပိုချက်တီနိုက မန်ယူအသင်းဆီရောက်ရှိသွားပြီး နည်းပြဇီဒန်းက ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ ရေးသားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။