၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။
အမေရိကန်သတင်းသမား Danny Fensterက သူပြန်လည်လွတ်မြောက်လာလို့ အောင်ပွဲခံကြသလို မြန်မာနိုင်ငံ ကအဖြစ်အပျက်တွေကို မျက်ခြေမပြတ်ဖို့လိုတယ်လို့ ပြောပါတယ်။
အင်းစိန်ထောင်ကနေ လွတ်မြောက်ပြီး နိုဝင်ဘာ ၁၆ရက်နေ့က အမေရိကန်နိုင်ငံကို ပြန်လာခွင့်ရတဲ့ အမေရိကန် သတင်းသမား Danny Fensterဟာ နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ လေဆိပ် ဟိုတယ်မှာ မိသားစုဝင်တွေက ကြိုဆိုနှုတ်ဆက်ပြီးနောက် သူလွတ်မြောက်ဖို့ မြန်မာနိုင်ငံကို သွားရောက် စေ့စပ်ညှိနှိုင်းခဲ့တဲ့ သံအမတ်ဟောင်း မစ္စတာ ဘီလ်ရစ်ချတ်ဆန် နဲ့ ကဏ္ဍ အသီးသီးကနေ ပါဝင်ခဲ့ကြသူတွေနဲ့အတူ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာမှာ Danny Fenster က အခုလိုပြောတာပါ။
“ကျွန်တော့်ကို ရုံးထုတ် စစ်ဆေးတဲ့ ရက်တွေမှာ အင်္ဂလိပ်စကား နည်းနည်းပါးပါး တတ်တဲ့ ရဲအရာရှိအချို့က ကျွန်တော်ရဲ့ မိသားစုဝင်တွေ ကျွန်တော် လွတ်မြောက်ဖို့အတွက် လှုပ်ရှားနေကြတဲ့ အကြောင်း CNN သတင်းဌာနက သတင်းကို ဖုန်းနဲ့ ပြပါတယ်။ အကျဉ်းထောင်ထဲမှာ ရှိနေတုန်းက အပြင်မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ မသိရပေမယ့် အားလုံး ကျွန်တော်လွတ်မြောက်ဖို့ ကြိုးစားနေကြတယ်ဆိုတာ သိပါတယ်။ ခုလို အိမ်ပြန်လာခွင့်ရတဲ့အတွက် အောင်ပွဲခံရသလိုပဲ၊ ဆက်ပြီးလုပ်စရာတွေ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတာ သတင်းသမားတွေတင်မကပဲ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ နဲ့ သာမန် ပြည်သူတွေလည်း ပါပါတယ်။ ကျွန်တော် ပြန်ပြီး လွတ်မြောက်လာတာကို ဝမ်းမြောက် အောင်ပွဲခံကြသလိုပဲ၊ မြန်မာနိုင်ငံက အရေးကြီးတဲ့ သတင်းတွေကိုလည်း မျက်ခြည်မပြတ်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။” လို့သူက ဆိုပါတယ်။
အမေရိကန်သံအမတ်ဟောင်းဘီလ်ရစ်ချတ်ဆန်က စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာဟာ သူတို့ကိုတရားဝင် ဖြစ်အောင်လုပ်ပေးရာရောက်တယ်လို့ တချို့ကဝေဖန်ကြပေမဲ့ သူဟာ အစိုးရအဖွဲ့ဝင်မဟုတ်သလို အစိုးရတာ ဝန်နဲ့ သွားတာလည်းမဟုတ်ဘဲ သူ့ရဲ့ပုဂ္ဂလိကခရီးစဉ်သာဖြစ်တယ်လို့ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ Danny Fenster လွတ်မြောက်ဖို့ ကိစ္စကို ထည့်မပြောဖို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက မှာကြားထားတဲ့အတွက် အစပိုင်းမှာ မပြောခဲ့ပေမယ့်၊ Danny Fenster လွတ်မြောက်ဖို့ ညှိနှိုင်းလို့ ရနိုင်မယ့် အလားအလာတွေ့ရတဲ့အတွက် နောက်ပိုင်းမှာ ဒီကိစ္စကို ထည့်ပြောခဲ့တယ်လို့ APသတင်းဌာနကို ပြောခဲ့ပါတယ်။
အခုတစ်ကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ စုစုပေါင်း ရှစ်နာရီသာ ကြာခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု လေးကြိမ် လုပ်ခဲ့ရာ နောက်ဆုံးအကြိမ် တွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်က Danny Fenster ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးဖို့ အမိန့်စာကို လက်မှတ်ထိုးပေးလိုက်တယ်လို့အမေရိကန်သံအမတ်ဟောင်းကဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ သတင်းသမား အနည်းဆုံး ၁၀၀လောက်ရှိပြီး Danny Fenster တစ်ဦးသာ လွတ်မြောက်သေးတယ်လို့ APသတင်းဌာနက ရေးသားပါတယ်။