ထားဝယ်မြို့မှာ CDMဝန်ထမ်းကို ဖမ်းမမိလို့ မောင်ဖြစ်သူ လူငယ် ၂ဦးကို ရိုက်နှက်ဖမ်းဆီး

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်မှာ CDMပြုလုပ်နေတဲ့ သူနာပြုဆရာမကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ်မှာ မတွေ့ရှိတာကြောင့် အသက်မပြည့်သေးတဲ့ မောင်ဖြစ်သူ လူငယ် ၂ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၁၂ရက်နေ့ ညနေပိုင်းမှာ ဦးဘအို(၁)လမ်းမှာရှိတဲ့ ထားဝယ်ပြည်သူ့ဆေးရုံမှ CDMသူနာပြုတစ်ဦးဖြစ်သူ မဖြူပြာအောင်ရဲ့ နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ မဖြူပြာအောင်ကို မတွေ့ရှိတာကြောင့် မောင်ဖြစ်သူ အသက် ၁၆နှစ်အရွယ် မောင်ချမ်းမြေ့အောင်နဲ့ အသက် ၁၄နှစ်အရွယ် မောင်ငြိမ်းချမ်းအောင်တို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ညနေဖက် ကားသုံးစီးနဲ့စစ်သားတွေလာပြီးတော့ လမ်းပါပိတ်ချလိုက်ပြီး ဆရာမရဲ့အိမ်ကို ဝင်ရှာတာ၊ ဆရာမကိုမတွေ့တော့ သူ့မောင်ငယ်လေးတွေကိုဖမ်းသွားတာ၊ ဆရာမပစ္စည်းတွေကိုလည်း သိမ်းသွားတယ်၊သူ့မောင်တွေကို ဘယ်ဖမ်းခေါ်သွားလဲမသိဘူး ရိုက်နှက်ပြီး ကားပေါ်တင်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အောက်တိုဘာလအတွင်းက စတင်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ CDMဝန်ထမ်းတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေမှု ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဖမ်းဆီးလိုသူမတွေ့ပါက မိသားစုဝင်တွေကို ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်