မြန်မာတစ်ဝန်း စစ်အုပ်စုချိတ်ပိတ်သိမ်းဆည်းတဲ့ အိမ်၇၀ကျော်ပြီ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

NUG၊ CRPH၊ PDFတို့နဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံတစ်ဝန်း ချိတ်ပိတ်ခံရတဲ့ အိမ် အလုံးရေ ၇၀နဲ့ အထက်ရှိနေပြီလို့ နေအိမ်ဆိုင်ရာ အချက်အလက်တွေ လေ့လာစုဆောင်းနေတဲ့ ကုမ္ပဏီတခုဆီက သိရပါတယ်။

အများပြည်သူပိုင်အိမ်နဲ့ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာဟာ နိုဝင်ဘာလထဲမှာ အများဆုံးဖြစ်ပြီး မင်း အောင်လှိုင်အကြိုက်တွေ့နေတဲ့ ဆေးနည်းတစ်ဖုံဖြစ်တယ်လို့လည်း အဲဒီကုမ္ပဏီတစ်ခုရဲ့ အကြီးတန်းအရာရှိ တစ်ဦးကပြောပါတယ်။

‘အောက်တိုဘာလထဲမှာ မုံရွာတို့ ရွှေဘိုတို့လိုနေရာမျိုးမှာ PDF နဲ့ပတ်သက်တယ်ဆိုပြီး အိမ်တွေ၊ ဆိုင်တွေ၊ဟိုတယ်တွေကို သွေးတိုးစမ်းသိမ်းတာကနေ နောက်ပိုင်းမှာ လွှတ်တော်အမတ်တေွရဲ့ ပိုင်ဆိုင်မှုတွေကို ခပ်ရဲရဲ သိမ်းလာတယ်။အခုဆိုရင် ဦးကျော်မိုးထွန်းတို့လို နိုင်ငံတကာစာရင်း ပေါက်နေတဲ့သူရဲ့ မိဘအိမ်ကိုပါ သိမ်းတဲ့အထိ အတင့်ရဲလာတယ်’လို့ သူကပြောပါတယ်။

ရန်ကုန်၊တောင်ဥက္ကလာမြို့နယ်၊အင်းဝလမ်းထဲက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ဦးကျော် မိုးထွန်းရဲ့ မိဘတွေနေထိုင်တဲ့အိမ်ကို နိုဝင်ဘာ၁၀ရက်နေ့ မနက်က အိမ်ချိတ်ပိတ်ဝရမ်းကပ်သွားခဲ့ပါတယ်။

ဝရမ်းကပ်လိုက်တယ်ဆိုတဲ့အိမ်ကို နယ်မြေခံစစ်တပ်က စိတ်ကြိုက်မွှေနှောက်ရှာဖွေကာ သူတို့လိုချင်တဲ့ပစ္စည်း တွေကို သိမ်းဆည်းသွားနိုင်တဲ့အတွက် အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကလည်း သဘောကျနိုင်တယ်လို့ထင်ကြောင်း မုံရွာမြို့နေနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါတယ်။

‘စစ်တပ်က ဗမာပြည်အနှံ့ပါပဲ။ချိတ်ပိတ်တဲ့အိမ်ဆိုရင် တန်ဖိုးရှိတာတွေ အကုန်သယ်သွား တာပဲလေ။ကျွန်တော် တို့စစ်ကိုင်းတိုင်းက ရွာတွေကို ဝင်ရင် ရွာထဲက သူတို့လိုချင်တာ အကုန်သိမ်း တာပဲ။ရေဦးမှာဆိုရင် ချိတ်ပိတ်ထား ပြီးသားအိမ်ထဲကိုတောင် ထပ်လာပြီး အိမ်ထဲကပစ္စည်းတွေ ရိုက်ချိုးသွားတယ်ဆိုတော့ အကြမ်းဖက်စစ်တပ်ဟာ ဓားပြစစ်တပ်ဖြစ်နေပြီ’လို့ သူကပြောပါတယ်။

အောက်တိုဘာ၃၁ရက်၊မနက်၁နာရီကျော်က စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်က ချိတ်ပိတ်ပြီးသား တိုင်းလွှတ်တော် အမတ်အိမ်ကို အကြမ်းဖက်စစ်သားတွေရောက်လာပြီး အိမ်ထဲက ပရိဘောဂ ပစ္စည်းတွေကို ရိုက်ချိုးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ရန်ကုန်အခြေစိုက်တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု သိမ်းဆည်း ချိတ်ပိတ်တဲ့ နည်းနဲ့ပါ အားဖြည့်အရေးယူဖို့ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားထားတယ်လို့ ထင်ကြောင်း ပြောပါတယ်။

‘ဘာလို့လဲဆိုတော့ နယ်မြို့တွေမှာ အိမ်ချိတ်ပိတ်တာကို စိတ်ကြိုက်လုပ်နေကြတာဆိုတော့ ကိုယ်မြို့နယ်မှာကိုယ့် ဘာသာ လွတ်လွတ်လပ်လပ် စိတ်ကြိုက်လုပ်ခွင့်ပေးထားတာ’လို့ သူကပြောပါတယ်။

နိုဝင်ဘာ၁၁ရက်နေ့ကလည်း မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်၊ကျင်းရွာကစစ်တပ်သတင်းပေး လင်မယားအသတ် ခံရပြီးနောက် ကျေးရွာထဲက နေအိမ်၁၀လုံးကို စစ်တပ်က လာချိတ်ပိတ်သွား ခဲ့ပါတယ်။

‘လူတင်ဖမ်းတာမဟုတ်ဘူး၊ပိုင်ဆိုင်မှုကိုပါ သိမ်းတဲ့နည်းနဲ့ ပိုကြောက်လာမလားဆိုပြီး နောက်တစ်ဆင့်တိုး ဖိနှိပ် တာ။စစ်တပ်က သူတို့ကျွမ်းကျင်တဲ့ အကြမ်းဖက်ဖိနှိပ်တဲ့နည်းကိုပဲ သုံးတာပါ။ဒီနေ့ဖမ်းမနက်ဖြန်အလောင်းပြန် ရတာတွေတောင်ရှိနေတော့ အိမ်သိမ်းတာလောက်က စစ်တပ်အတွက် မထူးဆန်းဘူး’လို့ သူကဆက်ပြောပါတယ်။

အောက်တိုဘာ၂၃ရက်နေ့ည ၁၁နာရီကျော်ကလည်း မွန်ပြည်နယ်၊သထုံမြို့ NLD ရုံးကို ပြင်းအားမြင့် ဗုံး ဖောက်ခွဲ ပြီး နောက်တစ်ရက်မနက်မှာ ရုံးအတွင်းမပျက်စီးသေးတဲ့ လက်တော့ပ်၊ မော်တာအပ်ချုပ်စက်၊တီဗီ အစရှိတဲ့ ပစ္စည်းတွေကို ရဲကားနှစ်စီးနဲ့ လာသိမ်းသွားခဲ့ပါတယ်။