အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အွန်လိုင်းကနေ ဆွေးနွေးကြမယ်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးနဲ့ ပထဝီနိုင်ငံအရေးအရ ဆက်ဆံရေး တင်းမာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမယ့်သီတင်းပတ်မှာ အွန်လိုင်းကနေ ဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထိပ်သီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမယ့် ကိစ္စကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။

စစ်အေးခေတ်က တင်းမာမှုအခြေအနေမျိုး ပြန်မရောက်ချင်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်တခုမှာပြောထားပါတယ်။

ဒါဟာ တရုတ်ရဲ့ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ဩဇာလွှမ်းမိုးမှုနဲ့ ပတ်သတ်ပြီး အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ အမြင်ကို လျော့ပါးသက်သာစေအောင် ရည်ညွှန်းပြောဆိုတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်နဲ့ ပတ်သတ်လို့ တာဝန်ရှိသူတွေ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Weng Wenbin က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမယ့် ရက်အတိအကျကိုတော့ နှစ်နိုင်ငံစလုံးက ထုတ်ပြန်လာတာ မရှိသေးပါဘူး။