ပရီးမီးယားလိဂ်ကို ပြန်ပြီးအခြေချဖွယ်ရှိနေတဲ့ ရမ်ဆေး

 

၉၊ နိုဝင်ဘာ၊ ၂၀၂၁။

တချိန်က ပရီးမီးယားလိဂ်မြေမှာ ထွန်းတောက်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ရမ်ဆေးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အင်္ဂလန်မြေကို ပြန်လည်ပြီး အခြေချဖို့ ရာနှုန်းပြည့်နီးပါးရှိလာခဲ့ပြီလို့ သတင်းတွေကဆိုပါတယ်။ 

အင်္ဂလန်မြေကို ကျောခိုင်းသွားပြီး အီတလီမြေက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပေမယ့် ရမ်ဆေးအနေနဲ့ ခြေစွမ်းကောင်းတစ်ခု မပိုင်ဆိုင်နိုင်ခဲ့သလို သူ့ကို ဒဏ်ရာပြဿနာတွေကလည်း ကြီးကြီးမားမား ထိုးနှက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ရမ်းဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပိုင်ဆိုင်ထားပေမယ့် ကစားသမားကို ပေးချေနေရတဲ့ လုပ်ခလစာဟာ များပြားလွန်းနေခဲ့လို့ ပြန်လည် လက်လွှတ်သွားဖို့ ရှိနေခဲ့တာပါ။ 

ဒါကြောင့် ကစားသမားဟာ အသင်းနဲ့  အနာဂတ် မရေရာမှုတွေ ရှိလာခဲ့တဲ့နောက် ပရီးမီးယားလိဂ်ကို ပြန်လည်အခြေချဖို့ ရှိလာခဲ့ပြီး သူ့ကို လက်ရှိစိတ်ဝင်စားနေတဲ့ အသင်းကတော့ နယူးကာဆယ်အသင်းဖြစ်နေပါတယ်။ 

နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ်လက်ထက်မှာ အပြောင်းအလဲများစွာကို ပြုလုပ်နေပြီး အသင်းတန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်အောင် အဓိက ဦးစားပေးရုန်းကန်နေရတာပါ။ 

နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ်လက်ထက် ငွေကြေးအင်အားတောင့်တင်းလာခဲ့တာကြောင့် ရမ်းဆေးတောင်းဆိုမယ့် လုပ်ခလစာကို ဂရုမပြုဘဲ ခေါ်ယူဖို့ ရှိနေတာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

ရမ်ဆေးဟာ ၂၀၁၉ ခုနှစ်ကတည်းက ဂျူဗင်တပ်စ်အသင်းမှာ ရှိနေခဲ့ပေမယ့် စီးရီးအေပွဲပေါင်း ၄၉ ပွဲကစားပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။

ဂျူဗင်တပ်စ်ဟာ မန်ယူအသင်းက သူတို့ရဲ့ ကွင်းလယ်လူဟောင်း ပေါ့ပ်ဘာကိုလည်း ပြန်လည်ခေါ်ယူဖို့ ရှိနေခဲ့တာကြောင့် တကယ်လို့ နယူးကာဆယ်အသင်းနဲ့ သဘောတူညီနိုင်ခဲ့ရင် ဒီ ဝေးလ်ကွင်းလယ်လူကို လက်လွှတ်သွားမှာဖြစ်ပါတယ်။