အမေရိကန်သံအမတ်ဟောင်းရဲ့မြန်မာခရီးစဉ် လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေအတွက် ဘာမှစွမ်းဆောင်နိုင်တာမရှိဘူးလို့ ဝေဖန်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာအတွက် ဘာမှ စွမ်းဆောင်နိုင်ခြင်းမရှိဘဲ အနှစ်သာရမရှိတဲ့ ခရီးစဉ်ဖြစ်တယ်လို့ HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာဒါရိုက်တာ Phil Robertsonက ဝေဖန်လိုက်ပါတယ်။

စစ်အုပ်စုက ဝါဒဖြန့်နိုင်ဖို့အတွက် ရွှေရောင်တောက်နေတဲ့ ခန်းမဆောင်မှာ စစ်အုပ်စုအကြီးအကဲနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာလောက်သာ လုပ်နိုင်ခဲ့တယ်လို့လည်း Phil Robertsonကသူ့ရဲ့တွစ်တာစာမျက်နှာကနေ ဝေဖန်လိုက်တာပါ။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း အမေရိကန်သံအမတ်ဟောင်းရဲ့ခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုပေးတဲ့သဘောဆောင်ရာရောက်တယ်လို့ဝေဖန်ကြတဲ့အကြောင်း New York Times သတင်းစာကဖော်ပြပါတယ်။

ဘီလ်ရစ်ချတ်ဆန်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အကျိုးရှိတဲ့ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သတင်းစာကဖော်ပြပါတယ်။

ကိုဗစ်နဲ့ပတ်သက်လို့ မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စမှာ လွယ်ကူချောမွေ့စေရေးအတွက် မင်းအောင်လှိုင်နဲ့ရော အခြား တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ကြောင်း နိုဝင်ဘာ၆ရက်နေ့က New York Times က မေးမြန်းမှုကို ဖုန်းကနေတစ်ဆင့် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ခရီးစဉ်ဟာ စစ်ကောင်စီကို အသိအမှတ်ပြုသလိုမျိုး ဖြစ်သွားနိုင်တယ် ဆိုတာ နားလည်ပေမယ့် သူ့အဓိက ရည်ရွယ်ချက်က မြန်မာပြည်သူတွေရဲ့ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုတာကြောင့်ဖြစ်ပြီး

စစ်အာဏာသိမ်းမှုကြောင့် ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းဒဏ်ကို ၅၅ သန်းသော မြန်မာတွေ မခံစားသင့်ဘူးလို့ သူမြင်ကြောင်းလည်း ပြောပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက နိုင်ငံတကာဆီကနေမြန်မာပြည်သူတွေ လတ်တလောလို အပ်နေတဲ့ဟာကိုဗစ်အကူအညီမဟုတ်ဘဲ အာဏာရှင်တွေမောင်းထုတ်နိုင်ရေးအတွက် လက်တွေ့ကျတဲ့အကူအ ညီရရှိရေးဖြစ်တယ်လို့ ဆိုပါတယ်။

‘ရစ်ချတ်ဆန်ပြောတဲ့ ၅၅သန်းသောမြန်မာတွေ ဘာကိုလိုချင်နေသလဲဆိုတာ သူသေချာသဘောမပေါက်ပါဘူး။ သူပေးချင်တဲ့အကူအညီအပေါ်လည်း မြန်မာပြည်သူတွေကျေးဇူးတင်မှာမဟုတ်ပါဘူး။သူနဲ့ဝဏ္ဏမောင်လွင်ကြား ကပုဂ္ဂိုလ်ရေးရင်းနှီးမှုအပေါ်အခြေခံပြီး စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက်ကြိုးပမ်းမိနေသလားလို့ သူ့ကိုယ်သူ ပြန်မေးစေချင်တယ်’လို့ နိုင်ငံရေးလေ့လာသုံးသပ်သူကဆိုပါတယ်။

သူ့ခရီးစဉ်အတွင်း အမေရိကန်သတင်းထောက် Denny Fenster လွတ်မြောက်ရေးကိစ္စကို အမေရိကန်နိုင်ငံခြားရေးဌာနက မပြောဖို့ မှာကြားထားလို့ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အခုပြီးဆုံးခဲ့တဲ့ သူ့ခရီးစဉ် အခြေအနေတွေ တိုးတက်ခဲ့ရင် နောက်တကြိမ်ခရီးစဉ်မှာ အခြား ကြီးမားတဲ့ ပြဿနာတွေကို ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း Mr. Richardson က ပြောပါတယ်။

‘အမေရိကန်သံအမတ်ကြီးရဲ့ သူ့ကိုယ်သူအထင်ကြီးမှုနဲ့မျှော်လင့်ချက်ဟာ မင်းအောင်လှိုင်အတွက် နိုင်ငံရေးက စားစရာဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။အခုလောလောဆယ်ကတော့ ရစ်ချတ်ဆန်က မြန်မာပြည်သူတွေကိုကူညီချင်တာ အိပ်မက်ဆိုးတွေလားဆိုတာကို စောင့်ကြည့်ရမယ်’လို့ သူကဆက်ပြောပါတယ်။