၄၊ နိုဝင်ဘာ၊ ၂၀၂၁။
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဗာရန်းဟာ အတ္တလန္တာနဲ့ မန်ချက်စတာယူနိုက်တက်တို့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကို ဆေးကုသမှုခံယူရတော့မှာဖြစ်လို့ တစ်လကြာ အနားယူရတော့မှာဖြစ်ပါတယ်။
ဗာရန်းဟာ ညို့သကျည်းဒဏ်ရာကနေ သက်သာပျောက်ကင်းလို့ အသင်းအတွက် ပွဲစဉ်နှစ်ပွဲ ပါဝင်ကစားပေးအပြီးမှာ တံကောက်ကြောဒဏ်ရာ ထပ်ရသွားခဲ့တာဖြစ်ပြီး အတ္တလန္တာနဲ့ပွဲမှာ ပွဲကစားချိန် ၃၈ မိနစ်ပြီးတဲ့နောက် ဒဏ်ရာကြောင့် ပွဲဆက်လက်ကစားဖို့ အဆင်မပြေတော့တဲ့အတွက် ဗာရန်းကို နည်းပြ ဆိုးလ်ရှားက လူစားလဲလှယ်လိုက်ရပါတယ်။
မန်ယူဟာ ဗာရန်း ကစားနိုင်ခြင်း မရှိတဲ့ပွဲစဉ်တွေမှာ ခံစစ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံဆုံခဲ့ရပြီး အခုအခြေအနေတွေအရ လာမယ့်စနေနေ့မှာ မန်ချက်စတာစီးတီးနဲ့ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲမှာ မန်ယူခံစစ်က စိတ်မချရတဲ့အခြေအနေတွေ တစ်ကျော့ပြန်လည် ဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ရမယ့် သီတင်းပတ်ပြီးရင် မန်ချက်စတာယူနိုက်တက်က ဝက်ဖို့ဒ်၊ ဗီလာရီးရဲလ်၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကို ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပြီး လက်ရှိဒဏ်ရာအခြေအနေအရ ဗာရန်းဟာ အဲ့ဒီပွဲစဉ်တွေကိုလည်း လွဲချော်ရဖို့ နီးစပ်နေပါတယ်။
ဗာရန်း မပါဝင်နိုင်တဲ့ ပွဲစဉ်သုံးပွဲမှာ မန်ချက်စတာယူနိုက်တက်က ၁၁ ဂိုးအထိ ပေးခဲ့ရဖူးပြီး နောက်ထပ် ဒဏ်ရာရ ကစာသမားတစ်ယောက်ဖြစ်တဲ့ လင်ဒီလော့ဖ်ဟာလည်း မန်စီးတီးနဲ့ပွဲစဉ်မှာ မန်ယူအတွက် ပွဲထွက်ကစားပေးနိုင်ဖို့ မရှိကြောင်း သိရှိရပါတယ်။