၄၊ နိုဝင်ဘာ၊ ၂၀၂၁။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ သူ့ရဲ့ချစ်သူဆီမှာ ရင်သွေးဦးလေး ကိုယ်ဝန်လွယ်ထားရပြီလို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဒင်းနစ်ဘားကမ့်ရဲ့သမီးဖြစ်သူ အက်စ်တယ်လ်လာ ဘားကမ့်နဲ့ ရည်ငံနေပြီး ဖခင်တစ်ယောက်ဘဝကို ရောက်လာတော့မှာဖြစ်တဲ့အတွက် အရမ်းပဲ ရင်ခုန်စိတ်လှုပ်ရှားနေမိကြောင်းလည်း ဗန်ဒီဘိခ်က ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဆီကို တစ်ကျော့ပြန်လည် ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့ရဲ့ဇနီးဆီမှာ အမြွှာရင်သွေးလေး နှစ်ယောက် ကိုယ်ဝန်ရှိနေပြီလို့ အသိပေးလိုက်ပြီး သိပ်မကြာခင်မှာပဲ အခုလိုမျိုး ဗန်ဒီဘိခ်ရဲ့မင်္ဂလာသတင်းက မန်ချက်စတာယူနိုက်တက် အဝန်းအဝိုင်းထဲကို ထပ်မံရောက်ရှိလာတာပဲဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး အဲ့ဒါကြောင့်ပဲ နယ်သာလန်လက်ရွေးစင်ကစားသမား ဗန်ဒါမေဒီကလည်း မင်းရဲ့ကလေးကို အိုလေးဂန်းနား လို့ နာမည်ပေးမှာလား ဆိုပြီး ဗန်ဒီဘိခ်ကို စနောက်ကျီစယ်နေပါတယ်။
ဗန်ဒီဘိခ်ဟာ လာမယ့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ အသင်းပြောင်းခွင့်ရနိုင်ဖို့ စိတ်အားထက်သန်နေပြီး သူ့ကို ခေါ်ယူဖို့အတွက် အဲဗာတန်နဲ့ နယူးကာဆယ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။