နည်းပြသစ် ကွန်တီကို စပါး ကစားသမားတွေ ချစ်ခင်နှစ်သက်ကြလိမ့်မယ်လို့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီပြော

၄၊ နိုဝင်ဘာ၊ ၂၀၂၁။

ချဲလ်ဆီးနောက်ခံဟောင်း ဂျွန်တယ်ရီက အီတလီလူမျိုးနည်းပြ ကွန်တီကို စပါးအသင်း ခေါ်ယူနိုင်လိုက်တာဟာ အကောင်းဆုံးခေါ်ယူမှုဖြစ်ခဲ့ပြီး စပါးကစားသမားတွေအနေနဲ့ သူ့ကို ချစ်ခင်နှစ်သက်ကြမှာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဂျွန်တယ်ရီဟာ နည်းပြကွန်တီ ချဲလ်ဆီးအသင်းကို ကိုင်တွယ်စဉ်တုန်းက ဒီအီတလီသား နည်းပြလက်အောက်မှာ ကစားဖူးခဲ့သူဖြစ်ပါတယ်။ နည်းပြကွန်တီနဲ့အတူ ၂၀၁၆-၂၀၁၇ ခုနှစ်ရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကိုလည်း ရရှိခဲ့တာပါ။ 

အခုလို စပါးအသင်းက ကွန်တီလိုနည်းပြမျိုးကို အရခေါ်ယူနိုင်ခဲ့လို့ ဂျွန်တယ်ရီက ချီးကျူးစကားဆိုခဲ့ပြီး အစောပိုင်း အသင်းကနေ ထွက်ခွာချင်နေတဲ့ ဟာရီကိန်းတောင် အီတလီလူမျိုးနည်းပြနဲ့ အလုပ်တွေအတူတူလုပ်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရတော့ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုယ်တိုင်က နည်းပြကွန်တီ အသင်းကို ရောက်ရှိလာတဲ့အပေါ်မှာ အကောင်းမြင်နေပြီး ကွန်တီရဲ့ လက်အောက်မှာ ဆက်လက်ဖြတ်သန်းသွားဖို့ ရှိနေတာပါ။ 

နည်းပြကွန်တီဟာ သူကိုင်တွယ်ခဲ့တဲ့ ဂျူဗင်တပ်စ်၊ ချဲလ်ဆီးနဲ့ အင်တာမီလန်အသင်းတို့အတွက် အမှတ်ပေးဖလားတွေရယူပေးခဲံ့ဖူးတာကြောင့် စပါးအသင်းအတွက်လည်း အောင်မြင်မှုတွေ ရယူပေးနိုင်မလားဆိုတာကို ကစားသမားတွေက စိတ်ဝင်စားနေကြပါတယ်။