ဒီနှစ်ရဲ့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်မယ့်အသင်းကို မိုက်ကယ်အိုဝင် ခန့်မှန်းလိုက်

 

၄၊ နိုဝင်ဘာ၊ ၂၀၂၁။

လီဗာပူးလ်နဲ့ မန်ယူ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဟာ ဒီနှစ်မှာ ချန်ပီယံလိဂ် ကိုင်မြှောက်နိုင်မယ့်အသင်းတစ်သင်းကို ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ 

မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာလည်း အခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတွေဖြစ်ပေမယ့် သူကတော့ သူ့ရဲ့ အကြိုက်ဆုံးအသင်းကို ရွေးချယ်ခဲ့တာပါ။ 

မက်ကယ်အိုဝင်ခန့်မှန်းလိုက်တဲ့ အသင်းကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးလ်အသင်းပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ စုဖွဲ့မှုနဲ့ နည်းပြကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် သူ့အတွက် အနှစ်သက်ဆုံးဖြစ်နေခဲ့တာလို့ ပြောခဲ့တာပါ။ 

“ဒီနှစ်ချန်ပီယံလိဂ်မှာ လီဗာပူးလ်အသင်းကို အန္တရာယ်အပေးနိုင်ဆုံးအသင်းတွေက မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းလို့ ပြောလို့ ရပေမယ့် လီဗာပူးလ်ပဲ ကိုင်မြှောက်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ဖွင့်ဟခဲ့တာပါ။ 

ဒါအပြင် မိုက်ကယ်အိုဝင်က ဥရောပပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ တခေတ်ပြန်ဆန်းသလိုဖြစ်လာခဲ့ပြီး နာမည်ကြီး ကစားသမားတွေ ရှိနေတာကြောင့် အခြားလိဂ်ပြိုင်ပွဲတွေထက် ပိုမိုအားကောင်းလာခဲ့ပြီလို့လည်း သုံးသပ်ခဲ့ပါတယ်။ 

မိုက်ကယ်အိုဝင် ခန့်မှန်းလိုက်တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေက အစောဆုံး ကျွတ်လွတ်သွားတဲ့ အသင်းတွေထဲမှာ ပါဝင်နေခဲ့ပြီး ကစားပြီးခဲ့တဲ့ အုပ်စုပွဲတွေကို ရှုံးပွဲမရှိကစားနိုင်ခဲ့တာဖြစ်ပါတယ်။