အသင်းက တန်းမဆင်းရရေး ရုန်းကန်နေရလို့ အီရစ်ခ် တင်းန် ဟတ်ဂ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ နယူးကာဆယ် အခက်ကြုံ

 

၃၁၊ အောက်တိုဘာ၊ ၂၀၂၁။

နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဟာ အေဂျက်နည်းပြ အီရစ်ခ် တင်းန် ဟတ်ဂ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် အသင်းရုန်းကန်နေရတဲ့ လက်ရှိအခြေအနေတွေကြောင့် အီရစ်ဂ် တင်းန် ဟတ်ဂ်ဘက်က အလုပ်လက်ခံဖို့ကို တွေဝေနေတယ်လို့ သိရပါတယ်။

 ချယ်လ်ဆီးကို သုံးဂိုး ဂိုးမရှိနဲ့ အရေးနိမ့်လိုက်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ နည်းပြသစ်ခန့်အပ်နိုင်ရေးကို နယူးကာဆယ်ဒါရိုက်တာဘုတ်အဖွဲ့က အပူတပြင်း ကြိုးပမ်းလာခဲ့ပြီး အီရစ်ဂ် တင်းန် ဟတ်ဂ် ဆီကိုလည်း နယူးကာဆယ်ဘက်က နောက်ထပ်တစ်ကြိမ် ဆက်သွယ်တာတွေရှိခဲ့သေးကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

 နယူးကာဆယ်ဟာ အေဂျက်အားကစား ဒါရိုက်တာ မက် အိုဗားမားစ်နဲ့ နည်းပြ အီရစ်ခ် တင်းန် ဟတ်ဂ်တို့ကို အတွဲလိုက် တပြိုင်နက်တည်း ခေါ်ယူလိုနေတာဖြစ်ပြီး အီရစ်ခ် တင်းန် ဟတ်ဂ်ကို တစ်နှစ်လုပ်ခ ပေါင် ၁၁ သန်းအထိ ပေးချေသွားဖို့ နယူးကာဆယ်ဘက်က စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။

 နယူးကာဆယ်ဟာ နည်းပြ စတိဗ်ဘရူစ်ကို ရာထူးထုတ်ပယ်လိုက်ပြီးတဲ့နောက် နည်းပြသစ် ရှာဖွေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး နယူးကာဆယ်အသင်းရဲ့တန်းမဆင်းရရေး ရုန်းကန်နေရမှုဟာ နာမည်ကြီးနည်းပြတွေကို ဆွဲဆောင်နိုင်ဖို့ ခက်ခဲနေတဲ့အချက်ပဲဖြစ်ပါတယ်။

 နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဟာ သူတို့အလိုရှိတဲ့နည်းပြတစ်ယောက် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ ငွေသုံးစွဲမှုတစ်ရပ်နဲ့အတု ကစားသမားသစ်တချို့ စတင်ခေါ်ယူနိုင်ဖို့ လိုလားနေပါတယ်။

#DNASports

#EriktenHaag

#Ajax

#NewcastleUnited