၃၀၊ အောက်တိုဘာ၊ ၂၀၂၁။
မနေ့က လိုင်လီအသင်းနဲ့ ပြင်သစ်လီဂူးပွဲစဉ်အပြီးမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက သူ့ကို ဝေဖန်တိုက်ခိုက်နေတာတွေကို ပြန်လည် ချေပခဲ့ပြီး သူ့အတွက် ဝေဖန်မှုတွေဟာ ပုံမှန်ဖြစ်နေတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ဂရုမစိုက်နိုင်ဘူးလို့ အသိပေးဖွင့်ဟလိုက်ပါတယ်။
လိုင်လီနဲ့ ပွဲမှာ နေမာအနေနဲ့ ၈၈ မိနစ်မှာ အသင်းဖော်ဒီမာရီယာရဲ့ အနိုင်သွင်းဂိုးအတွက် ပံ့ပိုးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး နှစ်ဂိုး တစ်ဂိုး ရလဒ်နဲ့ ပီအက်စ်ဂျီအတွက် သုံးမှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
နေမာဟာ ဘောလုံးကွင်းတွင်းစွမ်းဆောင်ရည်တွေထက် အပျော်အပါးနဲ့ နိုက်ကလပ်တက်တာတွေကိုသာ အာရုံရောက်နေတယ်ဆိုတဲ့ အချက်နဲ့ ဝေဖန်မှုတွေ ခံနေရတာပဲဖြစ်ပါတယ်။
“ဝေဖန်မှုတွေဆိုတာ ကျွန်တော့်အတွက် ပုံမှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကိုယ်ကိုယ်ကိုယ် အပြင်းအထန် ဝေဖန်မှုလုပ်နေတာပါ”လို့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ချေပပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းအနေနဲ့ လိုင်လီနဲ့ ပွဲမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ အမ်ဘာပေကို ထုတ်မသုံးနိုင်ခဲ့ပေမယ့် အသေးစားဒဏ်ရာ ရရှိနေတဲ့ မက်ဆီကိုတော့ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ တိုက်စစ်မှူးမက်ဆီဟာ ပွဲချိန်အတွင်း ကြွက်သားဒဏ်ရာ ရရှိခဲ့လို့ ပထမပိုင်း ၄၆ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။