၂၉၊ အောက်တိုဘာ၊ ၂၀၂၁။
ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကနေ အနားယူလိုက်ပြီးတဲ့နောက် အလုပ်သစ်လက်မခံတော့တဲ့ နည်းပြ ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို စိတ်မဝင်စားဘဲ ပြင်သစ်လက်ရွေးစင်အသင်းကို တာဝန်ယူခွင့်ရနိုင်ဖို့သာ စိတ်အားထက်သန်နေကြောင်း သိရှိရပါတယ်၊
ပြင်သစ်ဘောလုံးအားကစား ပညာရှင် ဂျူလီယန် လော်ရင်းစ်က ဇီဒန်း စိတ်ဝင်တစားရှိနေတာဟာ ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းနည်းပြရာထူးသာဖြစ်ကြောင်းနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှာ နည်းပြ ဒက်စ်ချမ့်ရဲ့နေရာကို အစားဝင်ပြီး ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်လာဖို့ကို ဇီဒန်းက ရည်မှန်းနေကြောင်း ပြောကြားသွားခဲ့ပါတယ်။
နည်းပြ ဒက်စ်ချမ့်ဟာ ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြ ဒက်စ်ချမ့်တို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က သက်တမ်းကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ဒက်စ်ချမ့်ကို စာချုပ်သစ်ချုပ်ဖို့ စီစဉ်ထားခြင်း မရှိသေးသလို ဒက်စ်ချမ့်ဘက်ကလည်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်ကိုရောက်ရင် ရာထူးနုတ်ထွက်ဖို့ စိတ်ကူးရှိနေတာကြောင့် ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာဖို့ အခွင့်အရေးရသွားနိုင်ကြောင်း သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့အနာဂတ်ဟာ အလှုပ်အခတ်တွေ ပြည့်နှက်နေပြီး သူ့နေရာကို အစားဝင်ဖို့အတွက် အင်တာမီလန်နည်းပြဟောင်း ကွန်တီ၊ လက်စတာနည်းပြ ဘရင်ဒန် ရော့ဒ်ဂျားစ်နဲ့ အေဂျက်နည်းပြ အီရစ်ခ် တင်းန် ဟတ်ဂ်တို့လည်း ရေပန်းစားနေပါတယ်။