မအူပင် ရေလဲလေးကျေးရွာက NLD ဒုဥက္ကဌအပါအဝင် ၄ဦး အဖမ်းခံရ

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ် ရေလဲလေးကျေးရွာက NLDပါတီ ဒုဥက္ကဌအပါအဝင် အပြစ်မဲ့ပြည်သူ ၄ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က အောက်တိုဘာလ ၂၈ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက ရေလဲလေးကျေးရွာကို ရောက်ရှိလာပြီး NLDပါတီ ဒုဥက္ကဌ ကိုသန်းနိုင်နဲ့ ကိုလင်းထိုက်၊ကိုဝင်းသိန်း၊ကိုနိုင်လင်း၊မယုဝါတို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။

“ဘာ့ကြောင့်ဖမ်းလဲဆိုတာတော့ မသိဘူး၊ မြို့ပေါ်မှာလဲ အသားလွတ်ဖမ်းနေတာပဲ ၊ ပြန်လွှတ်တဲ့သူတွေလည်းရှိတယ် အတော်များများကတော့ အမှုလည်းမတပ်ဘဲ ဖမ်းထားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မအူပင်မြို့ပေါ်မှာ အောက်တိုဘာလလည်ပိုင်းက စတင်ပြီး နေ့စဉ်ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပြီးနောက်မှာ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်။