၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။
ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ၂ရက်တာ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဗိုလ်မှူးအဆင့်ပါအဝင် ၆၀ဦးကျော် သေဆုံးခဲ့တယ်လို့ Kawlin Revolution ကထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့မှာ ၂ရက်တာအတွင်း စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ ၂၇ရက်နေ့ နေ့လည်ပိုင်းမှာ ကျောက်ပြင်ရွာနဲ့ ကချင်ကုန်းရွာအကြားမှာ ယာယီစစ်ကြောင်းရပ်တန့်နေတဲ့ စစ်အုပ်စုကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကြောင်းနှစ်ခုခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်အုပ်စုက ၄၀ကျော် သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တစ်ဦးလက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ရက်နေ့မှာလည်း ဖလဲရွာအနီး အကြမ်းဖက်စစ်အုပ်စုနဲ့ KLPDFတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၂၅ဦးခန့် သေဆုံးကာ KLPDFက ရဲဘော် ၃ဦးကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ကောလင်းမြို့နယ် အရှေ့ဘက်နဲ့ အနောက်ဘက်တွေမှာ စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်ခုခံစစ်ဆင်နွှဲနေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Kawlin Revolution