ဘာနေဗျူးမှာ ရခဲ့တဲ့ ကျိန်စာနဲ့ ဒဏ်ရာတွေကို အင်္ဂလန်မြေ၊ အင်္ဂလန်ရေနဲ့ ဆေးကြောခွင့် ရပါစေသား

 

၂၉၊ အောက်တိုဘာ၊ ၂၀၂၁။

ဟာဇက်..။ တချိန်က ပရီးမီးယားလိဂ်မှာ အပြာရောင်တပ်သားတစ်ယောက်အဖြစ်နဲ့ လင်းလက်စေခဲ့သူ။ ချဲလ်ဆီးမှာ ပြသခဲ့တဲ့ သူ့ရဲ့ စိတ်ဝိညာဉ်တွေနဲ့ ခြေစွမ်းတွေက ဒီနေ့ခေတ် ဘောလုံးနတ်ဘုရားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ အပြိုင်ဖြစ်စေခဲ့တာပါ။ 

ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်လို စပိန်အင်အားကြီးအသင်းက ဟာဇက်မှမရရင် မနေနိုင်တော့လို့ပါဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဘယ်လ်ဂျီယံသားကို အရခေါ်လိုက်ပါတယ်။ ကျွန်တော်တို့အားလုံး ဟာဇက်ရဲ့ ထွန်းတောက်မှုတွေကို အင်္ဂလန်မြေမဟုတ်တဲ့ တခြားတစ်နေရာမှာ တွေ့ရဖို့ မျှော်လင့်ခဲ့ပါတယ်။ 

ကျွန်တော်တို့ရဲ့ ဟာဇက်အပေါ်ထားခဲ့တဲ့ မျှော်မှန်းချက်၊ ခန့်မှန်းချက်တွေဟာ ထင်သလောက် မဖြစ်ခဲ့ဘဲ ကြယ်ပွင့် ကစားသမားတစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရသလို နောက်ပိုင်းမှာ ခံစားမိလိုက်ရတယ်။

ရီးရဲလ်အရောက် ဟာဇက်ရဲ့ နိမ့်ကျမှုတွေကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရချိန်မှာတော့ တချိန်က အပြာရောင်ဂျာစီနဲ့ လင်းလက်ခဲ့တဲ့ သူ့အတွက် ဝမ်းနည်းနေရုံက တပါး အခြားမရှိခဲ့ပါဘူး။

ဒဏ်ရာပြဿနာတွေနဲ့ ပွဲထွက်ခွင့်တွေ နည်းပါးခဲ့မှုဟာ သူ့အတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်စေခဲ့တာပါ။ 

အခုတော့ ဟာဇက်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတချို့က စိတ်ဝင်စားနေကြပြီတဲ့။ သူ့ရဲ့ အောင်မြေလို့ ပြောလို့ရတဲ့ အင်္ဂလန်မြေဟာ ဒီတကြိမ်မှာရော ဟာဇက်ကို သောင်းသောင်းဖျဖျ ကြိုဆိုပါလိမ့်ဥိးမလား။

ဘာနေဗျူးက ပဲ့ကိုင်ရှင် အန်ဆယ်လော့တီကပြောတယ်။ နည်းပြတစ်ဦးဟာ ကစားသမားတွေအများကြီး ရှိနေတဲ့ထဲမှာမှ ဒီကစားသမားကို မသုံးဘဲ ဟိုကစားသမားကို သုံးတယ်ဆိုတာတွေဖြစ်လာတာဟာ ဒီလိုအသင်းမျိုး ရှိတတ်ပါတယ်တဲ့။ 

ဟာဇက်ကို ကစားသမားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို ချီးမွမ်းသလိုလိုနဲ့ လက်ရှိဟာဇက်ရဲ့ အခြေအနေကို မီးမောင်းထိုးသွားခဲ့တာပါ။ တကယ့်တော့ အန်ဆယ်လော့တီဟာ နှုတ်ထွက်စကား မကြမ်းဘဲ ဟာဇက်ကို ကိုယ့်အခြေအနေကိုယ်သိဖို့ တပ်လှန့်လိုက်တာပဲဖြစ်ပါတယ်။

သူဟာ အသက် ၃၀ အရွယ်ပါတဲ့။ တကယ်ဆို ဒီလိုအသက်အရွယ်မျိုးဟာ ကစားသမားတစ်ယောက်အတွက် နေမဝင်ခင် အကောင်းဆုံး ခြေစွမ်းတွေ ရှိနေရမယ့်အချိန်ပါ။

ဟာဇက်ကတော့ အဲ့လိုမဟုတ်ခဲ့ဘူး။ နိုင်ငံတကာ ပွဲတွေကနေ ပြန်လာပြီးကတည်းက ပွဲထွက်ခွင့်တွေ ရှားပါးလာခဲ့ပါတယ်။  နည်းပြကိုယ်တိုင်က ဟာဇက်အတွက် ပွဲထွက်ခွင့် အာမခံချက်ဆိုတာကို တာဝန်မယူထားသလို ဟာဇက်ဟာ အန်ဆယ်လော့တီအကြိုက်လည်း မဟုတ်ခဲ့ပါဘူး။ 

အခုအခါမှာ ကစားသမားကို စိတ်ဝင်စားနေတဲ့ထဲမှာ အသင်းဟောင်း ချဲလ်ဆီးပါဝင်နေသလို၊ ပိုင်ရှင်သစ်နဲ့ အပြတ်ကြမ်းတော့မယ့် နယူးကာဆယ်အသင်းလည်း ပါဝင်နေပါတယ်။ 

ဒီတော့ အမှောင်ဖုံးနေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်မဟန်တော့ဘူးဆိုရင် စားကျက်ပြောင်းရတော့မယ့် အခြေအနေကို ဟာဇက်သိသင့်ပြီလို့ ထင်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို ပေါင် ၄၂ သန်းလောက် အလိုရှိနေပါတယ်။ ဒီငွေပမာဏဟာ ဟာဇက်ရဲ့ လက်ရှိအနေအထားအရ စဉ်းစားစရာဖြစ်တဲ့ ငွေကြေးတစ်ရပ်ဖြစ်ပေမယ့် ဟာဇက်ဆီက အဆီအနှစ်တွေကို နောက်ဆုံးအနေနဲ့ ထုတ်လိုက်နိုင်ရင် ဘာမှတော့ မပြောပလောက်ပါဘူး။ 

မကြာခင်မှာ ဘာနေဗျူးကို အမ်ဘာပေတို့လို ကစားသမားကောင်း‌တွေ ရောက်လာမှာနဲ့ လက်ရှိအသင်းမှာ ရှိနေတဲ့ လူငယ်ခြေတက်တွေအကြားမှာ ဟာဇက်ရဲ့ အခန်းကဏ္ဍက မှေးမှိန်ဖို့သာရှိပါတယ်။ 

ဒီအချိန် ဒီအနေအထားဟာ ဟာဇက်အတွက် ဘာနေဗျူးက ကျိန်စာနဲ့ ဒဏ်ရာတွေကို အင်္ဂလန်မြေ၊ အင်္ဂလန်ရေနဲ့ ဆေးကြောရမယ့် အချိန်ကောင်းလို့ပဲ ဆိုရတော့မှာပါ။