၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။
ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က အစစ်အဆေးကြမ်းတဲ့ ဒေးပေါက်လမ်းဆုံမှာ ဒီနေ့မနက်၇နာရီ မိနစ်၄၀က ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီနေရာဟာ ခရမ်းပြည်သူတွေကို ထောက်ခံစာတောင်းပြီးဒုက္ခပေးလေ့ရှိတဲ့နေရာမို့ ခရမ်းပြည်သူ့ကာကွယ်ရေး တပ်က ဖောက်ခွဲလိုက်တာလို့ ခရမ်းPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
‘စစ်သားတွေရောက်တဲ့အချိန်မှာ ပေါက်ကွဲတာဆိုတော့ ထိခိုက်မှုတွေတော့ ရှိနိုင်တယ်။ ဘယ်လောက်သေပြီး ဘယ်လောက်ထိခိုက်သလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ’လို့ သူကပြောပါတယ်။
ဒေးပေါက်ဂိတ်မှာ အကြမ်းဖက်စစ်တပ်ဟာ မနက်၇နာရီကနေ ည၈နာရီလောက်အထိ ရှိနေပြီး ခရမ်းပြည်သူတွေကို ထောက်ခံစာစစ်ဆေးနေတယ်လို့သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် သေနတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံ နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်မှာ ဖော်ပြထားပါတယ်။
‘ဗုံးကွဲပြီးတော့ စစ်ခွေးတွေကြောက်အားလန့်အားနဲ့သေနတ်လျှောက်ပစ်တာပါ။အခုနောက်ပိုင်း ပြည်သူကိုစစ် ဆေးတဲ့စစ်ခွေးတွေ ပိုမိုက်ရိုင်းလာတယ်။ဒါ့ကြောင့် ကျွန်တော်တို့လူငယ်ပြောက်ကျားတွေကို ကျေးဇူးတင်ပါတယ်’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ခရမ်းမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသားကိုင် တွယ်သွားမယ်လို့ လည်း ခရမ်းPDFက သတိပေးထားပါတယ်။
ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး လုံးဝမရှိတဲ့ မြို့ ဖြစ်ခဲ့ပြီး တစ်ပတ် လောက်အကြာမှာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ တိုးတိုးတိတ်တိတ် အလုပ်ပြန်ဝင်လာတယ်လို့ သိရပါတယ်။