၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။
ရန်ကုန်မြိုတော်တွင်း လောင်းကစားလုပ်ငန်းတွေ များပြားလာရေး အကြမ်းဖက်စစ်အုပ်စု အာဏာပိုင်တွေက တွန်းအားပေးနေတယ်လို့ အမည်မဖော်လိုသူ ရန်ကုန်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတဦးက Delta News Agency ကို ပြောပါတယ်။
စစ်အုပ်စုအာဏာပိုင်တွေဟာ ပြည်သူတွေ လောင်းကစားစိတ်မှာ နစ်မွန်းနေစေရေး၊ တရားမဝင်လာဘ်ငွေ ရရှိရေးနဲ့ အမာခံ သတင်းပေးမွေးနိုင်ရေးအတွက် လောင်းကစားလုပ်ငန်းတွေ များလာအောင် တွန်းအားပေးနေတယ်လို့ ထင်ကြောင်း သူကပြောပါတယ်။
“အပေါ်ကနေ ဒီလိုလုပ်ပါဆိုပြီး တရားဝင်စာထုတ်တာမျိုးတော့မဟုတ်ဘူး။အဓိကကတော့ သူတို့အောက်ဆိုဒ်ရဖို့နဲ့ သတင်းပေးမွေးဖို့ လုပ်ခိုင်းတယ်လို့ ထင်တယ်။လာဘ်စားတယ်လူတွေက ပျော်တာပေါ့။ဒိုင်တွေများလေ သူတို့ လိုင်းကြေးပိုရလေပဲ” လို့ သူက ဆက်ပြောပါတယ်။
ကမာရွတ်မြို့နယ်၊လှည်းတန်းဈေးကဈေးသည်တစ်ဦးကလည်း ရှားပါးလာပြီး အွန်လိုင်းကနေသာ လောင်းကစားလုပ်လို့ရတဲ့ နှစ်လုံးနဲ့သုံးလုံးထီ လောင်းကစားလုပ်ငန်းဟာ အခုအခါ တိုက်ရိုက်လောင်းကစားလုပ် နိုင်တဲ့အထိ ဗြောင်ကျလာတယ်လို့ ဆိုပါတယ်။
‘ဒီကောင်တွေသာမြန်မြန်မပြုတ်ဘူးဆိုရင် နောက်ပိုင်းမှာ အရင်သန်းရွှေလက်ထက်တုန်းက ပေါ်တင်ချဲထိုးလို့ရ သလိုမျိုး ဖြစ်လာမယ်’လို့ သူကသုံးသပ်ပါတယ်။
လောင်းကစားဒိုင်တချို့ဟာ သူတို့လုပ်ငန်းအဆင်ပြေရေးအတွက် နယ်မြေခံရဲတွေကို သတင်းပေးနေလို့ သတိထားကြဖို့လည်း အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းကသတိပေးလိုက်ပါတယ်။
‘ဒီနေ့ခေတ်ရန်ကုန်မှာ သတင်းပေးတယ်ဆိုတာ ဖေ့စ်ဘွတ်ခ်ဖွင့်ပြီး လက်ကလေး လှုပ်လိုက်ရုံပါပဲ။ အခုနောက်ပိုင်း သတင်းပေးတွေအသတ်ခံနေရတော့ လောင်းကစားဒိုင်တွေကို သတင်းပေးခိုင်းနေတာ ခိုင်လုံတယ်’လို့ သူကပြောပါတယ်။
ရန်ကုန်မြို့က နယ်မြေခံရဲတွေဟာ ပြောက်ကျားတွေရဲ့ရန်ကိုကြောက်လို့ ယူနီဖောင်းမပါလည်း တစ်ယောက်တည်း မသွားကြတော့သလို လိုင်းကြေးငွေတွေကိုလည်း wave money လိုမျိုးနဲ့သာ ရယူတော့တယ်လို့သိရပါတယ်။
‘ကျွန်တော်သိတဲ့ရဲတချို့ကတော့ စစ်ကောင်စီသိပ်မခံတော့ဘူးလို့ ယုံကြည်ကြတယ်။ ရတုန်းရခိုက်လာဘ်စား ထားမယ်လို့လည်းပြောတယ်။နောက်အစိုးရတက်လာရင် NLD အုပ်ချုပ်တုန်းကလို ဂွင်ဖန်ရတာခက်လာမယ်လို့ လည်းပြောတယ်’လို့ သူကဆက်ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ ရန်ကုန်မြို့တော်တွင်း နှစ်လုံး၊သုံးလုံးလောင်ကစားဟာ ရပ်ကွက်ဈေးတွေထဲမှာသာ သိုသိုသိပ်သိပ်ရှိတော့တာပါ။
NLD အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို တတ်နိုင်သလောက်ဖြည့်ဆည်း ပေးခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှုတွေကို ပြည်သူတွေကရော လွှတ်တော်ကပါ စောင့်ကြည့်ခဲ့တာကြောင့် လောင်းကစားပြဿနာ သိသာစွာ လျော့ပါးလာခြင်းဖြစ်တယ်လို့ မန္တလေးတိုင်းအတွင်းရှိ လွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။
‘ရဲတွေကိုအရင်ကမပေးနိုင်ခဲ့တဲ့ ဆိုင်ကယ်ကအစ ဆိုင်ကယ်ဆီဖိုးကအစ၊အိမ်ခန်းတွေပေးနိုင်တာတွေရောပေါ့။ အဲဒီလိုပဲ၊ တစ်ဖက်မှာလည်း သူတို့ကို ပြန်ကျပ်နိုင်တော့ လောင်းကစားကိစ္စနည်းသွားတယ်။ပြီးတော့ လူတွေရဲ့ အလုပ်အ ကိုင်အခွင့်အလမ်းများလာတာကလည်း လောင်းကစားဘက်စိတ်လျော့သွားတာပဲ။လောင်းကစား ဆို တာ အလုပ်မရှိရင် ပိုလုပ်ကြတယ်လို့ထင်တယ်’လို့ သူကမှတ်ချက်ပေးပါတယ်။