ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်လ်ကိုးမန်းကို အန်ဆယ်လော့တီ ဘာပြောခဲ့လဲ

၂၆၊ အောက်တိုဘာ၊ ၂၀၂၁။

ပြီးခဲ့တဲ့ အယ်ကလပ်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းအတွက် အရေးပါတဲ့ လက်ဆောင်စကားတခွန်းဆိုခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ရော်လ်နယ်ကိုးမန်းဟာ ရှုံးပွဲကြောင့် ဖိအားတွေ များပြားလာနိုင်တဲ့အတွက် နည်းပြချင်း စာနာနားလည်မှုပေးနိုင်တဲ့ စကားကို ဆိုခဲ့တာပါ။

“ဒါဟာ ခက်ခဲတဲ့အလုပ်ပါ။ ခင်ဗျားဆက်လျှောက်ဖို့ လိုပါတယ်”လို့ အယ်ကလပ်စီကို ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းကို စာနာစကားဆိုပြီး အားပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ကိုးမန်းကတော့ အပြုံးနဲ့ အန်ဆယ်လော့တီကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီပြောဆိုမှုအတွက် သတင်းတွေကတော့ ဘာစီလိုနာနည်းပြနေရာအတွက် အန်ဆယ်လော့တီဟာ နည်းပြရော်နယ်လ်ကိုးမန်းကို ထောက်ခံမှုပေးခဲ့တာလည်းဖြစ်တယ်လို့ ချဲ့ကားပြီး ရေးသားဖော်ပြပါတယ်။

ရော်နယ်လ်ကိုးမန်းအနေနဲ့ လက်ရှိဘာစီလိုနာအသင်းမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတာပါ။ အန်ဆယ်လော့တီကတော့ အယ်ကလပ်စီကိုပွဲဟာ လွယ်ကူမှု မရှိခဲ့ပေမယ့် အနိုင်ရလဒ်အတွက်တော့ ပျော်ရွှင်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။