၂၆၊ အောက်တိုဘာ၊ ၂၀၂၁။
မန်ချက်စတာစီးတီး နောက်ခံကစားသမားဟောင်း မီကာရစ်ချတ်က ဒီကနေ့မှာ မန်ချက်စတာယူနိုက်တက် ပျက်စီးသွားရတာက အသင်းကစားသမားတွေဟာ တစ်ကိုယ်တော် ထင်ပေါ်ဖို့ကိုသာ အလေးထားပြီး တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေကြလို့ပဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
စီရော်နယ်ဒိုကို အသင်းဆီ တစ်ကျော့ပြန်လည် ခေါ်ယူလိုက်တာက အကောင်းထက် အဆိုးသာ ပိုများလာစေခဲ့ပြီး အသင်းတိုးတက်ဖို့ကို အထောက်အပံ့ မဖြစ်စေတော့တဲ့အထိ ဆိုးရွားသွားခဲ့တယ်လို့လည်း မီကာရစ်ချတ်က သုံးသပ်သွားခဲ့ပါတယ်။
မီကာရစ်ချတ်ဟာ နည်းပြဆိုးလ်ရှား ရာထူးထုတ်ပယ်ခံရဖို့ နီးစပ်သွားတာနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေပြီး ကစားသမားတိုင်းက တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေတဲ့အသင်းဆီက နည်းပြတစ်ယောက်အတွက် မျှော်လင့်စရာ ဘာတစ်ခုမှ ရလာနိုင်ဖို့ မရှိကြောင်း မီကာရစ်ချတ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ မီကာရစ်ချတ်က “မန်ချက်စတာယူနိုက်တက်မှာ ပျောက်ဆုံးသွားတာက စုစုစည်းစည်း ကစားတတ်တဲ့ ကစားဟန်ပါပဲ။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ပြည့်နှက်နေတဲ့အသင်း ဖြစ်သွားခဲ့ပါပြီ။ ကစားသမားတိုင်းက သူတို့ထင်ပေါ်လာဖို့၊ စူပါးစတားဖြစ်လာဖို့အတွက်ကိုသာ ကစားနေကြပါတော့တယ်။ အသင်းအတွက် ကစားပေးနေတာမျိုး မဟုတ်တော့ပါဘူး။ ဆိုးလ်ရှားဟာ အသင်းအတွက် ဂန္ထဝင်မှတ်တိုင်တစ်ခုဖြစ်ခဲ့ဖူးသူပါ။ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရင် အသင်းရှေ့ဆက်ဖို့က မလွယ်နိုင်တော့ပါဘူး။ ဆိုးလ်ရှားအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ကို အလေးအနက်ထား သုံးသပ်နေကြပြီဖြစ်ပြီး အခြားတစ်ဖက်မှာတော့ စပါးနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာပဲ မန်ချက်စတာယူနိုက်တက်က နည်းပြအပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေပြီလည်းဖြစ်ပါတယ်။