ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်အတု နှစ်စောင်ကို ပေါင် ၁,၀၀၀ နဲ့လုပ်ပေးမယ်လို့ ပရီးမီးယားလိဂ် ကစားသမားတွေကို ကမ်းလှမ်းနေ

၂၆၊ အောက်တိုဘာ၊ ၂၀၂၁။

စာရွက်စာတမ်းအတုပြုလုပ်ပေးသူတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း ထောက်ခံချက်လက်မှတ်အတုတွေကို ပရီးမီးယားလိဂ်ကစားသမားတွေအတွက် လုပ်ပေးမယ်လို့ ချိတ်ဆက်ကမ်းလှမ်းတာတွေရှိနေကြောင်း သိရှိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်တုနှစ်စောင်အတွက် ပေါင် ၁,၀၀၀ ကျသင့်မယ်လို့ စာရွက်စာတမ်း အထောက်အထား ပြုလုပ်ပေးသူတွေရဲ့ကမ်းလှမ်းချက်ကို ရရှိထားကြောင်း အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကစားသမားတချို့ကလည်း သတင်းဌာနတွေကို ဖွင့်ဟအသိပေးထားပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းတွေထဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ကစားသမားတွေရှိနေလို့ အငြင်းအခုံဖြစ်ရတာတွေရှိနေပြီး Daily Mail သတင်းဌာနက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အသင်းသားအားလုံး ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းအရေအတွက်ဟာ ခုနစ်သင်းသာ ရှိသေးတယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီကတော့ ပြိုင်ပွဲဝင်ကစားသမားတွေထဲက ၆၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသွားခဲ့ပြီဖြစ်ပြီး ၈၁ ရာခိုင်နှုန်းကတော့ အနည်းဆုံးအဖြစ် ကာကွယ်ဆေး တစ်ကြိမ်စာ ထိုးနှံပြီးသွားပြီလို့ အသိပေးထားပါတယ်။

စာရွက်စာတမ်း အထောက်အထား အတုပြုလုပ်ပေးသူတွေဟာ ပေါင် ၁,၀၀၀ ပေးလိုက်တာနဲ့တပြိုင်နက် သက်ဆိုင်ရာအချက်အလက်တွေကို တောင်းယူပြီး ဖုန်းထဲကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်အတု နှစ်စောင် ပြန်ပို့ပေးကာ လိုအပ်လာခဲ့ရင် အဲ့ဒီလက်မှတ်အတုတွေက အဆင်ပြေပြေ သုံးလို့ရတာကို တွေ့ရတယ်လို့လည်း အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေက အသိပေးထားပါတယ်။