အရာတော်ရွာအချို့ကို အကြမ်းဖက်စစ်တပ် ခြိမ်းခြောက်မှု ပိုပြင်းထန်လာ

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို PDF ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုပြင်းထန်လာနေပြီလို့ သိရပါတယ်။

စစ်အုပ်စုတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရတိုင်း ပြောက်ကျားရဲဘော်တွေကို ဖမ်းမမိကြသလို အဲဒီလိုဖမ်းမမိတိုင်း မိုင်းဆွဲခံရတဲ့နေရာဝန်းကျင်က ရွာတွေကို PDF ရှိတယ်ဆိုပြီး စွပ်စွဲလေ့ရှိတယ်လို့ဆိုပါတယ်။

‘ပြီးခဲ့တဲ့လလောက်ကထင်တယ်။ရွာ၂၀လောက်ရှိမယ်။PDFတွေရွာမှာရှိတယ်၊PDF တွေကို ထောက်ပံ့ပေးနေတယ် ဆိုပြီး ရွာတွေကို ရွှေ့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်’လို့ အရာတော်မြို့သားတစ်ဦးကပြောပါတယ်။

ရွာခံအမျိုးသားတွေဟာ စစ်အုပ်စုတပ်က မြင်ရင် အသတ်ခံရမှာစိုးတာကြောင့် ရွာဘက်ကို အကြမ်းဖက်စစ်တပ် လာတာနဲ့ တောထဲ ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။

‘အခုနောက်ပိုင်း စစ်တပ်က ရွာတွေဘက်လာရင် မထင်ထားတဲ့အချိန်မျိုးတွေမှာ အလစ်လာတတ်လို့ ရွာနီးချင်း တွေ ကင်းစောင့်ပြီး သတင်းပို့ကြတယ်’လို့လည်းသူကပြောပါတယ်။

 

ယမန်နေ့ညနေပိုင်းကလည်း အရာတော်မြို့နယ်၊ရှောက်ခါးရွာကို စစ်အုပ်စုတပ်ဖွဲ့ဝင်၆၀လောက်ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးတာတွေလုပ်သွားတယ်လို့သိရပါတယ်။

‘သူတို့မှာတစ်ခုခုဆို PDF ဆိုပြီးအကြောင်းပြချက်ရှိနေတယ်လေ။ဘဘ်သူ့ကိုမဆို PDF ဆိုပြီး ပစ်သတ်လို့ရတယ်။ အခုလည်း သူတို့လာတော့ ရွာထဲရှိနေတဲ့ PDF တွေ ရွာအပြင်တောထဲဝင်ပြေးသွားတယ်ထင်ပြီး လိုက်ရှာတယ်။ တောထဲမှာလူမတွေ့ဘဲနွားပဲတွေ့တော့ နွားကိုပစ်သတ်တယ်။ယာတဲမြင်တော့ယာတဲမီးရှို့တယ်။ပြီးတော့ရွာထဲ ပြန်ရောက်တော့ ဘာမှမတွေ့ရကောင်းလားဆိုပြီး အိမ်တွေကို ရိုက်ဖျက်တာနှစ်အိမ်လောက်ပျက်သွား တယ်ကြားတယ်’လို့ သူကဆက်ပြောပါတယ်။